အီရန်-အမေရိကန် စစ်ရေးပြင်ဆင်မှုနှင့် ဟော်မုဇ်ရေလက်ကြား တင်းမာမှု

အမေရိကန်အစိုးရသည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ပိုမိုပျော့ပြောင်းသော သဘောထားရှိလာစေရန်အတွက် “လျင်မြန်သော်လည်း ပြင်းထန်သော” တိုက်ခိုက်မှုမျိုးကို လုပ်ဆောင်ရန် စစ်ဘက်ဆိုင်ရာ အစီအစဉ်သစ်များကို ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။

သမ္မတထရန့်သည် အီရန်ကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် ယခင်ကထက် ပိုမိုပြင်းထန်သော လေကြောင်းတိုက်ခိုက်မှု သို့မဟုတ် စစ်ရေးအရ အရေးယူမှုအစီအစဉ်များကို စတင်စဉ်းစားနေပြီ ဖြစ်ပါတယ်။ ယခင်က အမေရိကန်သည် လေကြောင်းတိုက်ခိုက်မှုထက် ကမ္ဘာ့ရေနံတင်ပို့မှု၏ အဓိကလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ရေကြောင်းပိတ်ဆို့ခြင်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ဖိအားပေးခြင်းဖြင့် အသာစီးရရန် ကြိုးပမ်းခဲ့ပါတယ်။

အီရန်၏ အဓိကခေါင်းဆောင်ကြီး Ayatollah Mojtaba Khamenei က ၎င်းတို့၏ နျူကလီးယားနှင့် ဒုံးကျည်စွမ်းရည်များကို အပြည့်အဝ ကာကွယ်သွားမည်ဖြစ်ကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲပိုင်ခွင့်မှာ အီရန်၏ အချုပ်အခြာအာဏာသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။ 

အမေရိကန်သည် ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု လုံခြုံစေရန်နှင့် အီရန်အပေါ် ပိတ်ဆို့မှုများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် နိုင်ငံစုံမဟာမိတ်တပ်ဖွဲ့တစ်ခုကို ဦးဆောင်ဖွဲ့စည်းရန် ကြိုးပမ်းနေကြောင်း Wall Street Journal က ဖော်ပြခဲ့ပါတယ်။ 

အမေရိကန်၏ ယခုလှုပ်ရှားမှုမှာ အီရန်၏ စီးပွားရေးနှင့် စစ်ရေးအရ ရပ်တည်မှုကို ထိခိုက်စေခြင်းဖြင့် နျူကလီးယား သဘောတူညီချက်သစ်တွင် အမေရိကန်၏ လိုလားချက်များကို လက်ခံလာစေရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

Source; Thairath