ဘန်ကောက်မြို့ရှိ မွေးစာရင်းအတု ပြုလုပ်ပေးသည့် ဂိုဏ်းကို ဖမ်းဆီး၊ အရာရှိတစ်ဦး ပါဝင်နေ

အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) အပါအဝင် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းပြီး ဘန်ကောက်မြို့ရှိ နေရာ ၄ နေရာကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပါတယ်။

ဘန်ကောက်မြို့၊ သွန်ဘူရီ (Thon Buri) ခရိုင်ရုံးမှ အငယ်တန်း မှတ်ပုံတင်အရာရှိတစ်ဦးနှင့် ၎င်းအား ကူညီပံ့ပိုးပေးသူ ၅ ဦး၊ စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ နိုင်ငံမဲ့ကလေးငယ်တွေကို ထိုင်းနိုင်ငံသားအဖြစ် မမှန်မကန် မှတ်ပုံတင်ပေးပြီး မွေးစာရင်းအတုတွေ ထုတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ 

ဘန်ကောက်မြို့အုပ်ချုပ်ရေးမှူး Chadchart Sittipunt က အဆိုပါဝန်ထမ်းမှာ သာမန်အဆင့် ဝန်ထမ်းတစ်ဦးသာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ ယခုကဲ့သို့ စာရွက်စာတမ်း အတည်ပြုခြင်းလုပ်ငန်းစဉ်မှာ ဝန်ထမ်းတစ်ဦးတည်းကို လုပ်ပိုင်ခွင့်အာဏာ အလွန်အကျွံ ပေးထားသလားဆိုတာကို ပြန်လည်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ နောင်တွင် မွေးစာရင်းနှင့် မှတ်ပုံတင်လုပ်ငန်းစဉ်များကို ဝန်ထမ်းတစ်ဦးတည်းက ဆုံးဖြတ်ခြင်းမျိုး မဟုတ်ဘဲ ကော်မတီတစ်ခုဖြင့် စနစ်တကျ စစ်ဆေးသည့် စနစ်သို့ ပြောင်းလဲရန် စီစဉ်နေပါတယ်။ 

နခွန်ရာချာစီမာ (Nakhon Ratchasima) ခရိုင်မှာလည်း နိုင်ငံခြားသားတွေ (အထူးသဖြင့် တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သူများ) ကို တရားမဝင် နိုင်ငံသားလက်မှတ်နှင့် မွေးစာရင်းတွေ ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

Source; Thaiger