မိုးသည်းထန်၍ တောင်ကျရေလျှံမှုများကြောင့် Doi Inthanonရှိ အပန်းဖြေစခန်း ၂ ခုကို ယာယီပိတ်သိမ်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ ဒอยအင်သနွန် အမျိုးသားဥယျာဉ် (Doi Inthanon National Park) အတွင်း မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ဖာဒေါက်ဆီယို သဘာဝတောလမ်းလျှောက်စခန်း (Pha Dok Siao Nature Trail) နှင့် မဲယာ ရေတံခွန် (Mae Ya Waterfall) တိုအား ခရီးသွားဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ယာယီ ပိတ်သိမ်းလိုက်ကြောင်း သိရပါတယ်။

တောင်ပေါ်ဒေသတွင် မိုးဆက်တိုက် ရွာသွန်းခဲ့သဖြင့် သစ်တောနယ်မြေအတွင်း ရေထိန်းသိမ်းနိုင်စွမ်း လွန်ကဲကာ တောင်ကျရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့သည်။ နီညိုရောင် တောင်ကျရေများ အလျင်အမြန် စီးဆင်းလာသဖြင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ သွားရောက်ခွင့်ကို ချက်ချင်း ပိတ်ပင်ခဲ့သည်။

ရေစီးကြောင်းများ ဖြတ်သန်းသွားလာရသည့် လမ်းကြောင်းဖြစ်သဖြင့် လျှပ်တစ်ပြက် ရေကြီးပါက သစ်သားနှင့် ဝါးတံတားများ ပျက်စီးခြင်း၊ လမ်းကြောင်းများ ပြတ်တောက်ခြင်းနှင့် ခရီးသွားများ ရေစီးနှင့်မျောပါခြင်းများ ဖြစ်ပွားနိုင်သည်။

မိုးသည်းထန်ပါက ရေစီးကြောင်း အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး သစ်ခက်များ၊ အမှိုက်သရိုက်များနှင့် ရွှံ့နွံများ ပါလာနိုင်သည့်အပြင် ရေစီးသန်ခြင်းနှင့် မြေပြိုခြင်း အန္တရာယ်များ ရှိနေသည်။

အဆိုပါ အပန်းဖြေစခန်း ၂ ခုအား ရေကြီးရေလျှံမှု အခြေအနေများ ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိပြီး ဥယျာဉ်ဝန်ထမ်းများက သွားရောက်လည်ပတ်ရန် ဘေးကင်းကြောင်း အတည်ပြုပြီးမှသာ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်သည်။

ဥယျာဉ်အာဏာပိုင်များက ခရီးသွားများအနေဖြင့် –

1.ပိတ်သိမ်းထားသော ဧရိယာများအတွင်းသို့ လုံးဝ ဝင်ရောက်ခြင်း မပြုရန်နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်ကို လိုက်နာရန်၊

2.ပြန်လည်ဖွင့်လှစ်မည့် အခြေအနေနှင့် ပတ်သက်သည့် တရားဝင် ထုတ်ပြန်ချက်များကို စောင့်ကြည့်ရန်၊

3.ခရီးမထွက်မီ ရာသီဥတုနှင့် စခန်းဖွင့်/ပိတ် အခြေအနေများကို Doi Inthanon National Park ၏ Facebook စာမျက်နှာ သို့မဟုတ် ခရီးသွား သတင်းအချက်အလက် စခန်းတွင် ကြိုတင်စစ်ဆေးကြရန် မေတ္တာရပ်ခံထားသည်။

Source;The Nation