Super Typhoon Ragasa၊ အာရှကို ခြိမ်းခြောက်နေ

 ပြင်းအားမြင့် မုန်တိုင်းကြီး ရာဂါဆာဟာ အရှေ့တောင်အာရှကို ဖြတ်ကျော်တိုက်ခတ်နေပြီး ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လူ ၃ ဦး သေဆုံးပြီး ထောင်နဲ့ချီတဲ့ လူတွေလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုချိန်မှာတော့ တစ်နာရီကို ကီလိုမီတာ ၂၂၀ နှုန်းနဲ့ တိုက်ခတ်နေတဲ့ ဒီမုန်တိုင်းဟာ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတောင်ပိုင်းဆီကို ဦးတည်နေပါတယ်။

ဟောင်ကောင်မှာတော့ တာဝန်ရှိသူတွေက ၂၀၁၇ ခုနှစ်က ဟာတို၊ ၂၀၁၈ ခုနှစ်က မန်ခုတ် စတဲ့ အင်အားပြင်း မုန်တိုင်းတွေလိုပဲ ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ကက်သီပစိဖိတ် လေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ် ၅၀၀ ကျော် ဖျက်သိမ်းရဖွယ်ရှိပြီး မြို့ခံတွေဟာလည်း စားနပ်ရိက္ခာတွေနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေကို ကြိုတင်စုဆောင်းပြီး ပြင်ဆင်နေကြပါတယ်။

ရာဂါဆာဟာ ထိုင်ဝမ်ကိုပါ ဝင်ရောက်လာဖို့ ရှိနေပြီး အဲဒီမှာလည်း မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းက ရှန်ကျန်းမြို့မှာတော့ အာဏာပိုင်တွေက မြေနိမ့်ပိုင်းနဲ့ ရေကြီးနိုင်တဲ့ဒေသတွေက လူပေါင်း လေးသိန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ စီစဉ်နေပါတယ်။ မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်ကို ဝင်ရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်း ဝင်ရောက်လာချိန်မှာ ဖိလစ်ပိုင်နိုင်ငံဟာ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးစီမံကိန်းတွေမှာ အဂတိလိုက်စားမှုရှိတယ်ဆိုပြီး ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် အပူပိုင်းမုန်တိုင်းတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ ထိရောက်တဲ့ မုန်တိုင်းကြိုတင်ပြင်ဆင်မှုနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ဟာ အရင်ကထက်ပိုပြီး အရေးကြီးလာတယ်ဆိုတာကို ဒီအဖြစ်အပျက်တွေက ပြသနေပါတယ်။

Source: Al Jazeera