ထိုင်းမင်းသမီး နာနာ ရီဘီနာအား ဘတ်သန်း ၁၉၀ ကျော် လိမ်လည်မှုဖြင့် ဖမ်းဆီး

ဘန်ကောက်၊ ထိုင်း — ထိုင်းမင်းသမီးနှင့် စီးပွားရေးလုပ်ငန်းရှင် Rybena Intachai (နာနာ ရီဘီနာ) အသက် ၄၄ နှစ်အား လိမ်လည်မှု၊ ဘဏ်စာရွက်အတုပြုလုပ်မှုနှင့် ငွေချေးသက်ဆိုင်သော အရေးပေါ်ဥပဒေချိုးဖောက်မှု စွဲချက်များဖြင့် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် ဘန်ကောက်မြို့လယ်ရှိ နေအိမ်၌ ဖမ်းဆီးခဲ့သည်။ သြဇာရှိသူ မင်းသမီးတစ်ဦး၏ နာမည်ကြီးမှုနှင့် ယုံကြည်မှုကို အသုံးချခဲ့သည့် ဤစီမံကိန်းကြောင့် သားကောင် ၁၇ ဦး ထံမှ ဘတ်ငွေ သန်း ၁၉၀ ကျော် ဆုံးရှုံးခဲ့ရသည်။

Photo Courtesy of Khaosod

ရီဘီနာသည် ၎င်း၏ မိတ်ဆွေများနှင့် ကျောင်းမိဘများကြားတွင် နာမည်ကျော်ကြားမှုကို အသုံးချကာ ကိုယ်ပိုင်ချေးငွေလုပ်ငန်း၊ စတော့ရှယ်ယာနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများအား တစ်လလျှင် ၄-၇% အထိ အမြတ်အစွန်းများ ပြန်ပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် Ponzi Scheme (ရင်းနှီးမြှုပ်နှံသူအသစ်၏ ငွေများဖြင့် ရင်းနှီးမြှုပ်နှံသူဟောင်းများကို ပြန်ပေးသော) ပုံစံဖြင့် လုပ်ငန်းလည်ပတ်ခဲ့ပြီး ဘဏ်ငွေလွှဲစာရွက်အတုများကိုပင် သုံးခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ငွေပေးချေမှုများ ရပ်တန့်သွားခဲ့ပြီး၊ နောက်ပိုင်းတွင် သူမထုတ်ပေးခဲ့သည့် ချက်လက်မှတ်များမှာလည်း ရန်ပုံငွေမလုံလောက်၍ ငွေထုတ်မရခဲ့ပေ။

ရီဘီနာ၏ ရှေ့နေကမူ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းမထုတ်မီ ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက တရားစီရင်ရေးလုပ်ငန်းစဉ်တွင် ဝင်ရောက်ရန် စေတနာဖြင့် လာရောက်အဖမ်းခံရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့က လက်ခံရန် နှောင့်နှေးခဲ့ပြီး နောက်တစ်ရက်တွင်မှ ဖမ်းဝရမ်းထုတ်ကာ အရာရှိ ၁၀ ဦးဖြင့် လာရောက်ဖမ်းဆီးခြင်းသည် အရင်းအမြစ်များကို ဖြုန်းတီးခြင်းဖြစ်ကြောင်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ရီဘီနာက ၎င်းအနေဖြင့် လိမ်လည်လိုသော ရည်ရွယ်ချက် မရှိခဲ့ကြောင်း စွဲချက်အားလုံးကို ငြင်းဆို ထားသည်။ အမှုကိစ္စကို ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးနေဆဲ ဖြစ်သည်။

Source: Nation Thailand