ဘန်ကောက်၊ ထိုင်း — ၃၃ ကြိမ်မြောက် SEA Games Esports ပြိုင်ပွဲတွင် စည်းကမ်းဖောက်ဖျက်မှုဖြင့် ထုတ်ပယ်ခံရပြီး တစ်သက်တာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံ၏ နာမည်ကြီး RoV ကစားသမား “Tokyogurl” (ခေါ်) Naphat Warasin က သူမအနေဖြင့် ပြင်ပဆော့ဖ်ဝဲလ် အသုံးပြု၍ မရိုးသားမှုများ မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုလိုက်သည်။
ဒီဇင်ဘာ ၁၅ ရက်၊ ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်စဉ်အတွင်း Tokyogurl ၏ လှုပ်ရှားမှုများသည် ပုံမှန်မဟုတ်ဘဲ သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ရသည်။ ထို့အပြင် သူမသည် Live လွှင့်နေစဉ်အတွင်း ကင်မရာကို လက်ခလယ်ထောင်ပြခဲ့သည့် ရိုင်းပျသော အမူအရာကြောင့်လည်း ဝေဖန်ခံခဲ့ရသည်။

သူမသည် “TeamViewer” ဆော့ဖ်ဝဲလ်ကို အသုံးပြုကာ “Ghost Coaching” (ခေါ်) အဝေးရောက် နည်းပြ သို့မဟုတ် အခြား Pro player တစ်ဦးက သူမ၏ Screen ကို တိုက်ရိုက်ကြည့်ရှုပြီး ဗျူဟာများပေးခြင်း၊ ရန်သူ့ Cooldown များ တွက်ချက်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ထိုင်းဒိုင်လူကြီးတစ်ဦးက Tokyogurl ၏ လက်ချောင်းလှုပ်ရှားမှုနှင့် ဂိမ်းထဲရှိ ဇာတ်ကောင်လှုပ်ရှားမှုများမှာ ထပ်တူမကျကြောင်း သတိပြုမိရာမှ စစ်ဆေးရာ အဆိုပါဆော့ဖ်ဝဲလ်ကို ဖုန်းထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Tokyogurl က ငြင်းဆိုနေသော်လည်း အာဏာပိုင်များနှင့် ကလပ်အသင်းက အောက်ပါအတိုင်း ပြတ်သားစွာ အရေးယူခဲ့သည် –
- ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း: ထိုင်း E-sports အဖွဲ့ချုပ် (TESF) က နည်းပညာလက်စွဲ ပုဒ်မ ၉.၄.၃ ချိုးဖောက်မှုဖြင့် ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့သည်။
- ကလပ်အသင်းနှင့် လမ်းခွဲခြင်း: သူမ၏ ပရော်ဖက်ရှင်နယ်ကလပ် Talon Esports က စာချုပ်ကို ချက်ချင်း ရပ်စဲခဲ့သည်။
- တစ်သက်တာ ပိတ်ပင်ခြင်း: RoV ဂိမ်းထုတ်ဝေသူ Garena က သူမအား နောင်ကျင်းပမည့် RoV ပြိုင်ပွဲအားလုံးတွင် ပါဝင်ခွင့်မရှိစေရန် တစ်သက်တာ ပိတ်ပင် (Lifetime Ban) လိုက်ပြီဖြစ်သည်။
ဤဖြစ်ရပ်သည် E-sports လောကတွင် ကျင့်ဝတ်နှင့် စည်းကမ်းလိုက်နာမှုမှာ မည်မျှအရေးကြီးကြောင်း ပြသလိုက်သည့် သာဓကတစ်ခု ဖြစ်လာခဲ့သည်။
Source: Nation Thailand
