ထိုင်းမှ ထွက်ခွာသည့် မည်သည့်နိုင်ငံသားမဆို နိုင်ငံထွက်ခွန် ဘတ် ၁,၀၀၀ ကောက်ခံမည့် ဥပဒေကြမ်း ဆွေးနွေးနေ

ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခွန်ဦးစီးဌာနတို့သည် ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် ခရီးသွားပြည်သူ မည်သူမဆို (ထိုင်းနိုင်ငံသား သို့မဟုတ် နိုင်ငံခြားသားမရွေး) တစ်ကြိမ်လျှင် နိုင်ငံထွက်ခွန် (Departure Tax) ဘတ် ၁,၀၀၀ကောက်ခံသွားမည့် ဥပဒေကြမ်းသစ်တစ်ခုကို ရေးဆွဲထားပြီး၊ အများပြည်သူထံမှ အကြံဉာဏ်များ ရယူသည့် သုံးသပ်ဆွေးနွေးပွဲများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ပြုလုပ်လျက် ရှိပါတယ်။

ပထမအဆင့်တွင် လေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် ခရီးသည်တစ်ဦးလျှင် ဘတ် ၁,၀၀၀ စတင်ကောက်ခံမည်ဖြစ်ပြီး၊ ကုန်းကြောင်း သို့မဟုတ် ရေကြောင်းဖြင့် ထွက်ခွာသူများကိုမူ လတ်တလော ကင်းလွတ်ခွင့် ပေးထားမည်ဖြစ်သည်။ (ဥပဒေ၏ အမြင့်ဆုံး သတ်မှတ်ချက် ceiling မှာ ဘတ် ၅,၀၀၀ အထိ ဖြစ်သည်)။

လေကြောင်းလိုင်းများနှင့် လက်မှတ်ရောင်းချသည့် အေဂျင်စီများက လေယာဉ်လက်မှတ်ခ ကောက်ခံချိန်တွင် အဆိုပါ နိုင်ငံထွက်ခွန် ဘတ် ၁,၀၀၀ ကို တစ်ပါတည်း ပေါင်းစပ် ကောက်ခံသွားမည် ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်း အတည်ဖြစ်ပါက အစိုးရပြန်တမ်း (Government Gazette) တွင် ထုတ်ပြန်ပြီး ရက်ပေါင်း ၁၈၀ အကြာတွင် စတင် သက်ရောက်မည်ဖြစ်သည်။ ဥပဒေ မသက်ရောက်မီ လေယာဉ်လက်မှတ် ဝယ်ယူထားသူများ ပေးဆောင်ရန် မလိုပေ။

၁၉၈၃ ခုနှစ် ဥပဒေဟောင်းအရ ထိုင်းနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ရ နိုင်ငံခြားသားများကိုသာ ဘတ် ၁,၀၀၀ ကောက်ခံခဲ့ဖူးသော်လည်း၊ ယခု ဥပဒေကြမ်းတွင် မည်သည့် နိုင်ငံသားမဆို (ထိုင်းနိုင်ငံသား ပါဝင်) ကောက်ခံရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

🛡️ အခွန်ကင်းလွတ်ခွင့် ရရှိမည့်သူများ

-အသက် ၂ နှစ်နှင့် အောက် ကလေးငယ်များ။

-လေဆိပ် သာမန် ခရီးတန်းလွန် (Transit) ဧရိယာအတွင်းမှ တိုက်ရိုက် လေယာဉ်ပြောင်းစီးမည့် အပြည်ပြည်ဆိုင်ရာ Transit ခရီးသည်များ။

-လေယာဉ်အဖွဲ့ဝင်များနှင့် တာဝန်အရ ခရီးသွားသည့် ဝန်ထမ်းများ။

-တော်ဝင်မိသားစုဝင်များ၊ ပြည်ပနိုင်ငံအကြီးအကဲများနှင့် အစိုးရဧည့်သည်တော်များ။

⚠️ အခွန်မပေးဆောင်ပါက အရေးယူမည့် ပြစ်ဒဏ်များ

-အခွန် ပေးဆောင်ရန် ပျက်ကွက်ပါက သတ်မှတ်အခွန်၏ ၂ ဆ ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ပြီး၊ တစ်လလျှင် တိုးပွားဒဏ်ကြေး ၁.၅% ထပ်မံ ပေးဆောင်ရမည်ဖြစ်သည်။

-မမှန်မကန် သတင်းအချက်အလက် ပေးပို့၍ အခွန်ရှောင်ကွင်းရန် ကြိုးပမ်းပါက တည်ဆဲဥပဒေများအတိုင်း ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်သည်။

Source;The Nation