ပတ္တာနီ၊ ဩဂုတ် ၅ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ပတ္တာနီခရိုင်အတွင်း မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးအား တားဆီးစစ်ဆေးရာမှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂ ဦးနှင့်အတူ အခကြေးငွေယူ၍ လိုက်လံပို့ဆောင်ပေးသူ ထိုင်းအမျိုးသားတစ်ဦးကို အဝေးသင်ရဲတပ်ဖွဲ့ (Highway Police) က ဖမ်းဆီးရမိခဲ့ပါတယ်။
ပတ္တာနီခရိုင်အတွင်း အဝေးသင်ရဲတပ်ဖွဲ့က စစ်ဆေးစဉ် ဆိုင်ကယ်ပေါ်၌ လူ ၃ ဦး စီးနင်းလာသည်ကို မသင်္ကာ၍ တားဆီးရာမှ ဆိုင်ကယ်မောင်းနှင်သူ ထိုင်းအမျိုးသား ၁ ဦးနှင့် နိုင်ငံကူးလက်မှတ် (Passport) နှင့် အထောက်အထား မရှိသည့် မြန်မာအလုပ်သမား ၂ ဦးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တရားခံ ထိုင်းအမျိုးသားသည် အဆိုပါ မြန်မာအလုပ်သမား ၂ ဦးအား ဆုန်းခလာခရိုင်၊ ဟတ်ယိုင်မြို့မှ တာဝန်ယူတင်ဆောင်လာပြီး နရာသီဝတ်ခရိုင်၊ တာ့ဘိုင်မြို့သို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။ တစ်ဦးလျှင် ဘတ် ၁,၅၀၀ ရရှိပြီး၊ ဆိုင်ကယ်ဖြင့် သွားလာပါက စစ်ဆေးရေးဂိတ်များကို လွယ်ကူစွာ ရှောင်ကွင်းနိုင်သည်ဟု ယူဆကာ ယခုကဲ့သို့ ပြုလုပ်လာသည်မှာ ၅ လခန့် ရှိပြီဟု ဝန်ခံထားသည်။
စကားပြန်မှတစ်ဆင့် စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့သည် ကာဥ်ချနဘူရီခရိုင်၊ စံခလဘူရီ နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၇၅,၀၀၀ စီပေးခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသည်။
တာဝန်ရှိသူများက ၎င်းတို့အား ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိထံ လွှဲပြောင်းပေးအပ်ထားပါသည်။
Source;ตำรวจทางหลวง
