ချင်းရိုင်၊ ထိုင်း — ထိုင်းနိုင်ငံရှိ တက်ကြွလှုပ်ရှားသူ Mongkol “Busbas” Thirakhot သည် ၎င်း၏ လူမှုမီဒီယာပို့စ်များကြောင့် ဘုရင်မင်းမြတ်ကို စော်ကားမှု (lèse-majesté) စွဲချက်ဖြင့် အမြင့်ဆုံးတရားရုံးက ထောင်ဒဏ် ၄၆ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အသက် ၃၂ နှစ်အရွယ် အွန်လိုင်းအဝတ်အထည်ရောင်းချသူဟောင်း တက်ကြွလှုပ်ရှားသူ Mongkol အား ရာဇသတ်ကြီးပုဒ်မ ၁၁၂ (ဘုရင်မင်းမြတ်ကို စော်ကားမှု) နှင့် ကွန်ပျူတာမှုခင်းဥပဒေတို့အရ စွဲချက်တင်ပြီး ထောင်ဒဏ် ၄၆ နှစ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် မတ်လမှ ဧပြီလအတွင်း ၎င်းတင်ခဲ့သော Facebook ပို့စ် ၂၇ ခု ကြောင့်ဖြစ်သည်။ယခင်က အယူခံ တရားရုံး (ဒေသ ၅) က Mongkol အား ထောင်ဒဏ် ၅၀ နှစ် ချမှတ်ခဲ့သည်။
Mongkol သည် ၂၀၂၁ ခုနှစ် ဧပြီလတွင် နိုင်ငံရေးအကျဉ်းသားများအတွက် အာမခံ တောင်းဆိုရန် ရာဇဝတ်တရားရုံးရှေ့တွင် အစာငတ်ခံ ဆန္ဒပြပြီးနောက် စွဲချက်တင်ခံခဲ့ရပြီး၊ အာမခံမရဘဲ စုစုပေါင်း ၆၉၄ ရက် အထိ ထိန်းသိမ်းခံခဲ့ရသည်။ ယခု ထောင်ဒဏ် ၄၆ နှစ် အမိန့်ချမှတ်လိုက်ခြင်းဖြင့် ၎င်း၏ အမှုကို အဆုံးသတ်လိုက်ပြီဖြစ်သည်။
Source: Bangkok Post
