အိန္ဒိယတွင် နီပါးဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံက အထူးစောင့်ကြည့် သတိပေး

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က အိန္ဒိယတွင် ဖြစ်ပွားနေသော နီပါးဗိုင်းရပ်စ် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ပြည်တွင်းသို့ ကူးစက်မှုမရှိစေရန် “One Health” ကွန်ရက်နှင့် ပူးပေါင်းကာ အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သည်။

တိရစ္ဆာန်မှ လူသို့ (Zoonotic) ကူးစက်သော ရောဂါဖြစ်သည်။ အဓိကအားဖြင့် လင်းနို့ (Fruit Bats) များထံမှတစ်ဆင့် တိုက်ရိုက်သော်လည်းကောင်း၊ လင်းနို့ သွားရည် သို့မဟုတ် ဆီး ပေကျံနေသော အသီးအနှံ/သစ်ရည်များမှတစ်ဆင့်သော်လည်းကောင်း၊ လူအချင်းချင်းသော်လည်းကောင်း ကူးစက်နိုင်သည်။ဤဗိုင်းရပ်စ်သည် ကုသရန် ကာကွယ်ဆေး သို့မဟုတ် သီးသန့်ဆေးဝါး မရှိသေးဘဲ ရောဂါဖြစ်ပွားပါက သေဆုံးနိုင်ခြေမှာ ၄၀% မှ ၇၅% အထိ အလွန်မြင့်မားသည်။

ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အော့အန်ခြင်းတို့မှ စတင်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) အထိ ဖြစ်ပွားနိုင်သည်။ ပြင်းထန်ပါက ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိလစ် (Coma) သွားနိုင်သည်။

လက်ရှိအချိန်အထိ ထိုင်းနိုင်ငံတွင် လူကိုကူးစက်သည့် ဖြစ်စဉ်မတွေ့ရှိရသေးပါ။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ထိုင်းနိုင်ငံရှိ တောရိုင်းလင်းနို့အချို့တွင် နီပါးဗိုင်းရပ်စ် ပဋိပစ္စည်း (Antibodies) များ တွေ့ရှိထားသဖြင့် တောရိုင်းတိရစ္ဆာန်များအကြားတွင် ပိုးရှိနေနိုင်ကြောင်း သတိပေးထားသည်။

ကာကွယ်ရန် အကြံပြုချက်များကတော့

၁။ ဖျားနာနေသော တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

၂။ အသီးအနှံများကို မစားမီ သေချာစွာ ဆေးကြောပါ သို့မဟုတ် အခွံခွာပါ။

၃။ လင်းနို့များ ပေကျံနိုင်ခြေရှိသော အစာနှင့် ပစ္စည်းများကို ရှောင်ကြဉ်ပါ။

၄။ လက်ကို မကြာခဏ ဆေးကြောပါ။

ထိုင်းနိုင်ငံမှ ဗိုင်းရပ်စ်ပညာရှင်များ၏ အဆိုအရ လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်း၌ မျိုးဗီဇပြောင်း တုပ်ကွေးဗိုင်းရပ်စ် (Mutated Influenza) တစ်မျိုး ကူးစက်ပြန့်ပွားနေပြီး ကာကွယ်ဆေး၏ ထိရောက်မှု လျော့နည်းနေခြင်းကြောင့် လူနာဦးရေ မြင့်တက်နေကြောင်း ထပ်မံသတိပေးထားပါသည်။

Source: Thaiger