ပထုံဌာနီ၌ ရပ်ထားသည့် BYD EV ကားအောက်မှ မီးခိုးများ အပြင်းအထန် ထွက်ပေါ်မှု ဖြစ်ပွား

ထိုင်းနိုင်ငံ၊ ပထုံဌာနီ (Pathum Thani) ခရိုင်၊ လမ်လုက္ကာ (Lam Luk Ka) မြို့နယ်ရှိ နာနာချာရင် (Nana Charoen) ဈေးရှေ့ 7-Eleven စတိုးဆိုင် အနီးတွင် စက်တင်ဘာ ၁၀ ရက် ယနေ့နံနက်ပိုင်းက ရပ်တန့်ထားသည့် BYD Seal အမျိုးအစား လျှပ်စစ်မော်တော်ယာဉ် (EV) တစ်စီးအောက်မှ မီးခိုးနက်များ အပြင်းအထန် ထွက်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့က အရေးပေါ် လာရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။

ယနေ့နံနက် ၀၅:၃၀ နာရီခန့်တွင် ခူခေါတ် (Khukot) မြို့မရဲစခန်းသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ ခူခေါတ်နှင့် လမ်ဆမ်ကဲအို စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်များ အရေးပေါ် ရောက်ရှိလာခဲ့သည်။

ဘန်ကောက် လိုင်စင်နံပါတ် တင်ထားသည့် BYD Seal EV ကား၏ အောက်ခြေနှင့် အနောက်ဘက် အစိတ်ပိုင်းများမှ မီးခိုးနက်များ ဆက်တိုက် ထွက်ပေါ်နေခဲ့သဖြင့် ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာများ ထိတ်လန့်ခဲ့ရသည်။ မီးသတ်တပ်ဖွဲ့ဝင်များက ရေပက်ဖန်း၍ အခြေအနေကို ထိန်းချုပ်ခဲ့ရသည်။

ယာဉ်ပိုင်ရှင် မစ္စတာ ဘန်ချာ (Bancha) ၏ ပြောကြားချက်အရ ၎င်းသည် ဘန်ကောက်သို့ ကိစ္စတစ်ခုဖြင့် သွားရောက်ရန် အိမ်မှ မထွက်မီ ကားဘက်ထရီအား အပြည့်သွင်းခဲ့သည်။ ဈေးရှေ့တွင် မနက်စာ ဝယ်ယူရန် ခေတ္တရပ်တန့်စဉ် ကားဒက်ရှ်ဘုတ် (Dashboard) ပေါ်၌ ဘက်ထရီ သတိပေးသင်္ကေတ (Battery Warning) ပြသနေသည်ကို တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် နံနက် ၈ နာရီတွင် ဖွင့်လှစ်မည့် ခလောင်ဆောင် (Khlong Song) ဧရိယာရှိ Service Centre သို့ ပြသရန် ပြင်ဆင်နေစဉ် မနက်စာဝယ်ပြီး ပြန်လာချိန်၌ ကား၏ အောက်ခြေ ဘက်ထရီ တပ်ဆင်ထားသည့် နေရာမှ မီးခိုးများ အများအပြား ထွက်ပေါ်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ယာဉ်ပိုင်ရှင်မှာ ကားအား စက်ပိတ်၍ ပြင်ပသို့ ထွက်ခွာနေချိန်ဖြစ်သဖြင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ပေ။

လက်ရှိတွင် အဆိုပါ မီးခိုးထွက်ပေါ်ရသည့် အကြောင်းအရင်း အတိအကျကို မသိရသေးဘဲ၊ ဘက်ထရီအိုး အထိုင်ရှိရာ အနောက်ဘက် အစိတ်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်၍ စက်ရုံသုံး အထူးကျွမ်းကျင်သူ စေလွှတ်ကာ အသေးစိတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

Source;Khaosod