စင်ကာပူမှာ မျောက်ကျောက် (Mpox) ဗီဇသစ် Clade Ib ကူးစက်ခံရသူ နှစ်ဦး ပထမဆုံး စတင်တွေ့ရှိ

စင်ကာပူနိုင်ငံမှာ မျောက်ကျောက်ရောဂါရဲ့ ပျံ့နှံ့မှုအားကောင်းတဲ့ မျိုးဗီဇအသစ် Clade Ib ကူးစက်ခံထားရတဲ့ အမျိုးသားနှစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် စတင်တွေ့ရှိကြောင်း ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ကူးစက်ခံရသူတွေမှာ ရောဂါလက္ခဏာ အပျော့စားသာရှိပြီး လက်ရှိမှာ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေသလို၊ ၎င်းတို့ဟာ လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ စင်ကာပူကူးစက်ရောဂါတိုက်ဖျက်ရေးအေဂျင်စီ (CDA) က ခန့်မှန်းထားပါတယ်။

ဗီဇသစ်ကို တွေ့ရှိခဲ့ပေမဲ့လည်း ရောဂါရဲ့သဘာဝအရ နီးကပ်စွာထိတွေ့မှုရှိမှသာ ကူးစက်နိုင်တာကြောင့် အများပြည်သူအတွင်း အစုလိုက်အပြုံလိုက် ကူးစက်ပြန့်ပွားနိုင်ခြေ အလွန်နည်းပါးတယ်လို့ CDA က အာမခံထားပါတယ်။ ဒါကြောင့် လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးဖို့ မလိုအပ်သေးဘဲ ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားသူတွေကိုသာ ကြိုတင်ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

အာဏာပိုင်တွေအနေနဲ့ ထိတွေ့မိသူတွေကို ရှာဖွေဖော်ထုတ်တာနဲ့ စုံစမ်းစစ်ဆေးတာတွေကို ဆက်လက်လုပ်ဆောင်နေပြီး၊ မိဘပြည်သူတွေအနေနဲ့လည်း ထူးခြားတဲ့လက္ခဏာတွေရှိရင် ဆေးကုသမှု ချက်ချင်းခံယူဖို့ တိုက်တွန်းထားပါတယ်။

Source; Nation Thailand