ထိုင်းမင်းသမီး Christine Gulasatree ကယ်ဆယ်ရေးဝန်ထမ်း၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရ

အသက် ၃၀ အရွယ် မင်းသမီး Christine ဟာ မတ်လ ၃၁ ရက်နေ့ ညက သူမရဲ့ အင်စတာဂရမ် (Instagram) စာမျက်နှာကတစ်ဆင့် ဒီဖြစ်စဉ်ကို ဖွင့်ဟပြောကြားခဲ့ပြီး တရားဥပဒေအရ ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ဆိုပါတယ်။

မတ်လ ၃၁ ရက် မနက်အစောပိုင်း ၂ နာရီခန့်မှာ မင်းသမီးဟာ ဓာတ်မတည့်ခြင်း (Allergy) ဆေးသောက်ပြီးနောက် အသက်ရှူရခက်ခဲလာတာကြောင့် သူငယ်ချင်းဖြစ်သူကို အကူအညီတောင်းကာ အရေးပေါ်ကား ခေါ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်း အမျိုးသားတစ်ဦးနဲ့ ကွန်ဒိုလုံခြုံရေးဝန်ထမ်းတို့ သူမရဲ့အခန်းထဲ ရောက်လာချိန်မှာ သူမဟာ သတိရှိနေပေမဲ့ ဆေးရှိန်ကြောင့် မူးဝေပြီး မလှုပ်ရှားနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို သွားရောက်ကြိုဆိုဖို့ လုံခြုံရေးဝန်ထမ်း အောက်ထပ်ဆင်းသွားတဲ့ အချိန်မှာတော့ သူမဟာ ထိုအမျိုးသားနဲ့ နှစ်ဦးတည်း ကျန်ရစ်ခဲ့တာပါ။

Photo – Khaosod

ထိုကယ်ဆယ်ရေးဝန်ထမ်းဟာ သူမရဲ့ အဝတ်အစားတွေကို ချွတ်ပြီး ခန္ဓာကိုယ်အနှံ့ကို လက်ရောက်စော်ကားခဲ့သလို၊ အဝတ်အစားမပါဘဲ လဲလျောင်းနေတဲ့ သူမရဲ့ပုံတွေကိုလည်း ဓာတ်ပုံရိုက်ယူခဲ့တယ်လို့ မင်းသမီးက ဆိုပါတယ်။ သူမအနေနဲ့ သိနေပေမဲ့ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တာကြောင့်ရော၊ အန္တရာယ်ပြုမှာ ကြောက်တာကြောင့်ပါ မခုခံနိုင်ခဲ့ပါဘူး။

သူမဟာ အဲဒီနေ့က တီရှပ်နဲ့ ဘောင်းဘီရှည်ကို လုံလုံခြုံခြုံ ဝတ်ဆင်ထားတာဖြစ်ပြီး အခုလိုဖြစ်ရတာဟာ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ မဆိုင်ဘဲ ကျူးလွန်သူရဲ့ စိတ်ဓာတ်အပေါ်မှာပဲ မူတည်ကြောင်း သူမက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

သူမဟာ ဒီအမှုကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီးဖြစ်သလို၊ ဘယ်လိုလျော်ကြေးငွေမျိုးကိုမှ လက်ခံမှာမဟုတ်ဘဲ ကျူးလွန်သူကို ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိအောင် အဆုံးအထိ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဒီလူဟာ တခြားသူတွေကိုလည်း အခုလိုမျိုး လုပ်ဖူးလိမ့်မယ်လို့ သူမက ယုံကြည်နေပါတယ်။

Source;Thaiger