ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘန်ကောက်မြို့၊ အစိုးရအိမ်တော်ဝင်းအတွင်းကို အသက် ၆၀ ကျော်အရွယ်ရှိ Phongphichan Thanathiraphong ဟာ ဆိုင်ကယ်နဲ့ မောင်းနှင်ဝင်ရောက်လာခဲ့ပါတယ်။ ၎င်းဟာ ဝန်ကြီးချုပ် Anutin Charnvirakul ရဲ့ အမည်ကို ကျယ်လောင်စွာ အော်ဟစ်ခေါ်ဆိုခဲ့ပြီး ဟွန်းတီး ဆန္ဒပြခဲ့တာပါ။

Phongphichan ဟာ ရဲစခန်းက မိမိကို ဘတ် ၅၀၀ ဒဏ်ရိုက်ခဲ့တဲ့အပေါ် မကျေနပ်တဲ့အပြင်၊ မသန်စွမ်းတစ်ဦးဖြစ်တဲ့ မိမိအပေါ် တရားမျှတမှုမရှိဘဲ ၄၈ ရက်တိုင်အောင် အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။ ၎င်းက ဝန်ကြီးချုပ်ကို ရည်ညွှန်းပြီး “တိုက်ပွဲပြီးရင် စစ်သည်တော်ကို သတ်တော့မှာလား” လို့ မေးခွန်းထုတ်ခဲ့သလို၊ ဘူရီရမ်သားချင်း စာနာပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
ထူးခြားတာကတော့ ဒီအမျိုးသားဟာ ယခင်အစိုးရအဆက်ဆက်မှာလည်း အစိုးရအိမ်တော်ရှေ့အထိ လာရောက်ပြီး အခုလိုပဲ ထူးထူးခြားခြား ဆန္ဒပြလေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။ လတ်တလောမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၎င်းကို ထိန်းသိမ်းပြီး တရားဝင်တိုင်ကြားစာဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Source; Thaiger
