ထိုင်းနိုင်ငံ၊ဟတ်ယိုင်တွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဖိနပ်စီးဝင်မှုကို အိမ်ရှင်က ဝေဖန်၍ ပွဲဆူ

ဧပြီလ ၃ ရက်နေ့က လေဖြတ်ဝေဒနာ ခံစားနေရတဲ့ အရေးပေါ်လူနာကို အချိန်နဲ့တစ်ပြေးညီ ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ Taphong Therdtham Rescue Foundation အဖွဲ့ကို အိမ်ရှင်အမျိုးသမီးက “ယဉ်ကျေးမှုမရှိဘူး” ဆိုပြီး ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၃ ရက် မနက် ၁၀ နာရီ ၅၀ မိနစ်မှာ လေဖြတ်ပြီး စကားမပီတော့တဲ့ အရေးပေါ်လူနာတစ်ဦးရှိကြောင်း အကြောင်းကြားချက်အရ ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာခဲ့တာပါ။ အရေးပေါ်ကယ်ဆယ်ရေးသမားတွေဟာ အိမ်ထဲကို ဖိနပ်မချွတ်ဘဲ ဝင်လာခဲ့တဲ့အပေါ် “ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ယဉ်ကျေးမှုအရ ဖိနပ်ချွတ်ရမယ်၊ ဒါကို လက်မခံနိုင်ဘူး” လို့ အိမ်ရှင်အမျိုးသမီးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

လေဖြတ်တဲ့လူနာတွေအတွက် ၄ နာရီခွဲ အတွင်း ဆေးကုသမှု ခံယူနိုင်ဖို့က အသက်အန္တရာယ်နဲ့ မသန်စွမ်းမှု လျှော့ချရေးအတွက် အလွန်အရေးကြီးပါတယ်။ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို အမြန်သယ်ဆောင်ရတာဖြစ်လို့ အချိန်မနှောင့်နှေးစေဖို့ ဖိနပ်မချွတ်ခဲ့တာလို့ ရှင်းလင်းထားပါတယ်။

အွန်လိုင်းအသုံးပြုသူ အများစုကတော့ အသက်ကယ်ဖို့ ကြိုးစားနေတဲ့ ဝန်ထမ်းတွေကို ခုလိုဝေဖန်တာဟာ မသင့်တော်ကြောင်းနဲ့ အသက်ထက် ဖိနပ်ကို ပိုအရေးကြီးသလို လုပ်နေတယ်ဆိုပြီး အိမ်ရှင်အမျိုးသမီးကို ပြန်လည်ဝေဖန်ခဲ့ကြပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဟာ ဒီဝေဖန်မှုကြောင့် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ အိမ်ရှင်အမျိုးသမီးရဲ့ မောင်ဖြစ်သူကသာ လာရောက်တောင်းပန်ခဲ့ပြီး ဝေဖန်ခဲ့တဲ့ အမျိုးသမီးကိုယ်တိုင်ကတော့ တောင်းပန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Source; Khaosod English