ဘန်ကောက်၊ ဇူလိုင် ၂၅၊ ၂၀၂၆တွင်် ထိုင်းစီးပွားရေး ဥပဒေချိုးဖောက်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ECD) နှင့် မူပိုင်ခွင့်ဌာနတို့ ပူးပေါင်း၍ စရဗူရီပြည်နယ်ရှိ ဂိုဒေါင်တစ်ခုနှင့် ဘန်ကောက်၊ ထုန်းခရူး (Thung Kru) မြို့နယ်ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ရာ ဘတ် ၂.၆၃ သန်း တန်ဖိုးရှိ အတုပြုလုပ်ထားသော Nescafe၊ Ovaltine နှင့် Downy ပစ္စည်းပေါင်း ၂၂၆,၇၂၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ အမျိုးသား ၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ဈေးကွက်အတွင်း Nescafe ကော်ဖီ၊ Ovaltine ကိုကိုး နှင့် Downy အဝတ်ပျော့ဆေးများကို ပုံမှန်ထက် ထူးထူးခြားခြား ပေါက်ဈေးထက် လျှော့၍ လက်လီလက်ကား ရောင်းချနေကြောင်း တိုင်ကြားချက်များအရ စုံစမ်းစစ်ဆေးပြီး ဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည့် ကုန်ပစ္စည်းထုပ် ၅၅,၀၀၀ ကျော်၊ ပစ္စည်းအတု ပါကင်အထုပ်ပေါင်း ၁၆၈,၅၈၈ ထုပ်၊ ကော်ဖီ၊ ကိုကိုး၊ နို့မှုန့်၊ သကြားနှင့် ခရီမာ ပါဝင်သော အိတ်ပေါင်း ၁၁၉ အိတ်တို့အပြင် ထုပ်ပိုးစက်၊ အထုပ်ပိတ်စက်နှင့် တံဆိပ်ရိုက်စက်များကိုပါ သိမ်းဆည်းရမိခဲ့သည်။
အသက် ၄၀ မှ ၅၉ နှစ်အရွယ် ဖမ်းဆီးခံရသူ အမျိုးသား ၄ ဦးစလုံးက အပြစ်ရှိကြောင်း ဝန်ခံထားကြပြီး၊ ရဲတပ်ဖွဲ့က အမှတ်တံဆိပ်တုံးများ အတုပြုလုပ်မှု၊ ရောင်းချရန် အတုပြုလုပ်ထားသည့် ပစ္စည်းများ လက်ဝယ်ထားရှိမှုနှင့် စာသုံးသူများကို လိမ်လည်လှည့်ဖြားမှု ပုဒ်မများဖြင့် တရားစွဲဆို အရေးယူထားသည်။
Source;Bangkok Post
