လမ်းပန်းမြို့သင်္ကြန်လုံခြုံရေးအတွက်မြင်းရထားလှည့်ကင်းများဖြင့် စတင်ဆောင်ရွက်

ထိုင်းနိုင်ငံ၊ လမ်းပန်း (Lampang) မြို့ ရှိ ရဲတပ်ဖွဲ့သည် ယခုနှစ်သင်္ကြန်ကာလအတွင်း ဒေသရိုးရာယဉ်ကျေးမှုကို ဖော်ဆောင်ရန်နှင့် လောင်စာဆီသုံးစွဲမှု လျှော့ချရန်အတွက် မြင်းရထားများဖြင့် လှည့်ကင်းဆောင်ရွက်ခြင်းကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ 

အဆိုပါအစီအစဉ်ကို လမ်းပန်းမြို့မရဲစခန်းက ဦးဆောင်ခြင်းဖြစ်ပြီး တာဝန်ကျရဲတပ်ဖွဲ့ဝင်များသည် မြင်းရထားအသင်းထံတွင် စနစ်တကျလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကာ မြို့တွင်းစီးပွားရေးဇုန်များနှင့် ခရီးသွားစည်ကားရာနေရာများတွင် လှည့်လည်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

ယခုလှည့်ကင်းတွင် တာဝန်ကျရဲအရာရှိများသည် လမ်းပန်းမြို့၏ သမိုင်းဝင်ဝိသေသကို ထင်ဟပ်စေသည့် ရှေးဟောင်းစတိုင် ရဲယူနီဖောင်းများကို ဝတ်ဆင်၍ တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။ 

လမ်းပန်းမြို့သည် ထိုင်းနိုင်ငံတွင် မြင်းရထားယဉ်ကျေးမှုကို ယနေ့တိုင် ထိန်းသိမ်းထားသည့် တစ်ခုတည်းသောမြို့ဖြစ်ပြီး၊ ယခုကဲ့သို့ မြင်းရထားလှည့်ကင်းများ အသုံးပြုခြင်းသည် ခရီးသွားများ၏ ယုံကြည်မှုကို မြှင့်တင်ပေးရုံသာမက စွမ်းအင်ချွေတာရေးအတွက်လည်း များစွာ အထောက်အကူပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source; Khaosod