ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် စိတ္ထီဖန်း (Chadchart Sittipunt) သည် ဇူလိုင် ၁၈ ရက်က ဖြစ်ပွားခဲ့သော လူသေဆုံးမှုရှိခဲ့သည့် မီးလောင်မှုဖြစ်စဉ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး၊ အဆိုပါမီးလောင်ပြင်မှ ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့သည့် ကြောင် ၁၇ ကောင် ကို မြို့တော်စောင့်ရှောက်ရေးဂေဟာသို့ ခေတ္တရွှေ့ပြောင်းကာ အိမ်သစ် (မွေးစားမည့်သူ) များ ရှာဖွေပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြို့တော်ဝန်သည် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) ၏ ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လျော့ပါးသက်သာရေးဦးစီးဌာန၊ သုန်ဘူရီ (Thon Buri) ခရိုင်ရုံးနှင့် ဆက်စပ်အေဂျင်စီများမှ တာဝန်ရှိသူများနှင့်အတူ ဆွိုင်ဆွန်ဒက် ဖရာချောင်တက်ဆင် ၁၁ (Soi Somdet Phra Chao Taksin 11) ရှိ အခင်းဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုသတင်းကို နံနက် ၅ နာရီ ၅၉ မိနစ်တွင် ရရှိခဲ့ပြီး မီးသတ်သမားများသည် ၆ နာရီ ၅ မိနစ်တွင် ရောက်ရှိလာကာ ၆ နာရီ ၁၄ မိနစ်တွင် မီးကို အပြီးသတ်ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့သည်။
နေအိမ်တစ်လုံး၏ ဒုတိယထပ်တွင် နေထိုင်သည့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် မီးလောင်မှုအတွင်း သေဆုံးခဲ့ကြသည်။ ၎င်းတို့သည် မီးခိုးမွှန်ပြီး အသက်ရှူကျပ်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အာဏာပိုင်များက ယူဆထားကြသည်။
မီးလောင်မှုဖြစ်ပွားရာအိမ်မှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သည့် ကြောင် ၁၇ ကောင်လုံးကို ကယ်ဆယ်ရေးအဖွဲ့များက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ၎င်းကြောင်လေးများကို လက်ရှိတွင် စနစ်တကျ ပြုစုစောင့်ရှောက်ထားပြီး တိရစ္ဆာန်ချစ်သူများအနေဖြင့် ၎င်းတို့အား နွေးထွေးသော အိမ်သစ်များပေးကာ ကူညီမွေးစားပေးကြရန် BMA က ဖိတ်ခေါ်ထားသည်။
Source;Khaosod
