7-Eleven ဆိုင်အတွင်း စည်းကမ်းမဲ့ပြုမူခဲ့သည့် နိုင်ငံခြားသူတစ်ဦး ပြင်းထန်စွာ ဝေဖန်မှုကို ခံနေရ
ထိုင်းနိုင်ငံရှိ 7-Eleven အဆင်ပြေချောမွေ့စတိုးဆိုင်အတွင်း မုန့်များနှင့် နို့ဘူးများကို ၎င်း၏ကိုယ်ပေါ်သို့ လောင်းချကာ Content ရိုက်ကူးခဲ့သည့် နိုင်ငံခြားသူတစ်ဦး၏ လုပ်ရပ်ကြောင့် ထိုင်းအွန်လိုင်းအသုံးပြုသူများအကြား ဝေဖန်မှုများ ပြင်းထန်နေသည်။ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က ပျံ့နှံ့ခဲ့သည့် အဆိုပါရုပ်သံဖိုင်တွင် Kazakhstan နိုင်ငံသူဟု ယူဆရသူ ခရီးသွားအမျိုးသမီးသည် ဆိုင်စင်ပေါ်ရှိ မုန့်များကို ဖောက်၍ ကြမ်းပြင်ပေါ်သို့ သွန်ချခြင်း၊ နို့ဘူးများကို ကိုယ်ပေါ်သို့ လောင်းချခြင်းများ ပြုလုပ်ခဲ့ပြီး “အရသာရှိသော ကော့တေး” ဟု နောက်ပြောင်ပြောဆိုခဲ့သည်။
အဆိုပါလုပ်ရပ်ကြောင့် နို့နှင့် စားသောက်ကုန်များမှာ အခြားကုန်ပစ္စည်းစင်များပေါ်သို့ စင်ဟပ်ခဲ့ပြီး ဆိုင်ဝန်ထမ်းများအတွက် အလုပ်ပိုစေခဲ့သည်။ ထိုင်း Netizens များကမူ ယခုလုပ်ရပ်သည် အများပြည်သူဆိုင်ရာနေရာတွင် လိုက်နာရမည့် အခြေခံယဉ်ကျေးမှုနှင့် လေးစားမှု ကင်းမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။ လက်ရှိတွင် အဆိုပါအမျိုးသမီးသည် မူရင်းဗီဒီယိုကို ပြန်လည်ဖျက်သိမ်းသွားသော်လည်း ရုပ်သံမှာ အွန်လိုင်းပေါ်တွင် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သည်။
အလားတူဖြစ်ရပ်မျိုး ပတ္တရားမြို့တွင်လည်း ဖြစ်ပွားခဲ့ပြီး မူးယစ်နေသည့် Belgium နိုင်ငံသား ခရီးသွားတစ်ဦးက ဆိုင်အတွင်း ဆိုဒါရည်များ လောင်းချခြင်းနှင့် ဝိုင်ပုလင်း ၁၀ ပုလင်းခန့်ကို ရိုက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ယခုကဲ့သို့ နိုင်ငံခြားသားခရီးသွားအချို့၏ စည်းကမ်းမဲ့ အပြုအမူများမှာ ဒေသခံများအကြား မကျေနပ်မှုနှင့် စိုးရိမ်မှုများကို မြင့်တက်စေလျက်ရှိကြောင်း သိရသည်။
Source; Thaiger
