မနီလာမှ ဘန်ကောက်သို့ ပျံသန်းသည့် ထိုင်းလေကြောင်းလိုင်း (Thai Airways) လေယာဉ်ပေါ်တွင် နားမကြားသည့် အမျိုးသား ခရီးသည်တစ်ဦးအား လေယာဉ်အမှုထမ်းများက အစားအသောက် အမျိုးအစားများကို ပုံဆွဲပြ၍ စေတနာပါပါ ကူညီဆောင်ရွက်ပေးခဲ့သဖြင့် အဆိုပါ ခရီးသည်၏ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။
ဟိုဆေး အိုင်ရစ်ချ် ပက်စကွာလ် (Jose Irish Pascual) အမည်ရှိ နားမကြားသူ ခရီးသည်တစ်ဦးသည် မနီလာမှ ဘန်ကောက်သို့ လေယာဉ်ဖြင့် ခရီးသွားစဉ် လေယာဉ်အမှုထမ်းများက ရရှိနိုင်သော ထမင်းဟင်း အမျိုးအစားများကို ပုံဆွဲ၍ ၎င်း၏ ထိုင်ခုံဘေးတွင် လာရောက်ပြသကာ အဆင်ပြေစွာ ရွေးချယ်နိုင်ရန် ကူညီပေးခဲ့ခြင်းဖြစ်သည်။
ပက်စကွာလ်က ၎င်း၏ ခရီးသွားသက်တမ်းအတွင်း ယခုကဲ့သို့ စေတနာပါပါ ရိုးရှင်းသည့် နည်းလမ်းဖြင့် ကူညီပေးမှုကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်ပြီး၊ အစပိုင်းတွင် အနည်းငယ် ရှက်ရွံ့မိသော်လည်း ဝန်ထမ်းများ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် “Work smart, not hard” ဆိုသည့် စိတ်ဓာတ်ကို အလွန်သဘောကျမိကြောင်း Facebook ပေါ်တွင် ရေးသားချီးကျူးခဲ့သည်။
ထိုင်းလေကြောင်းလိုင်း (Thai Airways) သည် အမြင်အာရုံ သို့မဟုတ် အကြားအာရုံ အခက်အခဲရှိသူ ခရီးသည်များအတွက် အထူးကူညီစောင့်ရှောက်မှု (Special Services) များ ပေးအပ်လျက်ရှိပြီး မသန်စွမ်း ခရီးသည်များ အဆင်ပြေစေရန် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုကဲ့သို့ လေယာဉ်ပေါ် ဝန်ဆောင်မှုများ ကောင်းမွန်ခြင်းကြောင့် ထိုင်းလေကြောင်းလိုင်းသည် ၂၀၂၆ ခုနှစ် Travel + Leisure ၏ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းများ စာရင်းတွင် Top 10 အတွင်း ဝင်ရောက်ခဲ့သည်။
ထို့အပြင် ထိုင်းလေကြောင်းလိုင်းသည် လာမည့် ၂၀၂၆/၂၇ ဆောင်းရာသီ ခရီးစဉ်ဇယားအတွက် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၆၆ လိုင်းအထိ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
Source;Thaiger
