အမေရိကန်သမ္မတ Donald Trump သည် ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေသည့် ဗြိတိန်ဘုရင် Charlesနှင့် မိဖုရား Camilla တို့ကို အိမ်ဖြူတော်၌ ခမ်းနားစွာ ဧည့်ခံကြိုဆိုခဲ့သည်။ အိမ်ဖြူတော် Oval Office အတွင်း သီးသန့်တွေ့ဆုံမှုကို သမ္မတထရမ့်က “အလွန်ကောင်းမွန်သော ဆွေးနွေးမှု” ဟု ဖော်ပြခဲ့ပြီး ဘုရင်ကြီးကိုလည်း “ထူးခြားပြောင်မြောက်သူ” ဟု ချီးကျူးခဲ့သည်။ ၎င်းနောက် ကျင်းပသည့် နိုင်ငံတော်ညစာစားပွဲသို့ Apple နှင့် Amazon မှ ထိပ်သီးလုပ်ငန်းရှင်များ၊ တရားရုံးချုပ်တရားသူကြီးများနှင့် အထင်ကရ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ဘုရင် Charlesသည် အမေရိကန်လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် လက်ရှိကမ္ဘာကြီးသည် ယခင်ကထက် ပိုမိုမတည်ငြိမ်ဘဲ အန္တရာယ်များလာကြောင်း ထောက်ပြခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော သမ္မတ Trumpအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ “ယခုကဲ့သို့ အကြမ်းဖက်မှုများသည် မည်သည့်အခါမျှ အောင်မြင်မည်မဟုတ်” ဟု ပြတ်သားစွာ ပြောကြားခဲ့သည်။ ဘုရင်ကြီး၏ မိန့်ခွန်းသည် ပါတီစုံလွှတ်တော်အမတ်များ၏ တခဲနက် ထောက်ခံအားပေးမှုကို ရရှိခဲ့သဖြင့် သမ္မတTrump က “ကျွန်တော်တောင် မနာလိုဖြစ်မိသည်” ဟု ဟာသနှောကာ မှတ်ချက်ပြုခဲ့သည်။
တစ်ဖက်တွင် သမ္မတထရမ့်သည် ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နှင့် ဆက်ဆံရေး တင်းမာနေပြီး ဗြိတိန်အပေါ် ကုန်သွယ်ရေးအခွန် တိုးမြှင့်ရန် ခြိမ်းခြောက်မှုများ ရှိနေသော်လည်း၊ ဘုရင်ကြီးနှင့် တွေ့ဆုံမှုကိုမူ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အပြုသဘောဆောင်သည့် ခရီးစဉ်အဖြစ် ရှုမြင်ထားသည်။ ဘုရင် Charlesနှင့် မိဖုရားတို့သည် အမေရိကန်ခရီးစဉ်အဖြစ် New Yorkနှင့် Virginia ပြည်နယ်များသို့ ဆက်လက်ထွက်ခွာကြမည် ဖြစ်သည်။
Source; Khaosod English
