ထိုင်းနိုင်ငံ၊ ချန်ထဘူရီတွင် မုန်တိုင်းကြောင့် ဒူးရင်းသီး တန် ၁၀ ကျော် ပျက်စီး၊ တောင်သူများ အခက်တွေ့

မုန်တိုင်းဟာ ညနေ ၅ နာရီခွဲခန့်မှာ ပြင်းထန်တဲ့ လေပြင်းတွေ၊ မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့အတူ ရုတ်တရက်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဆွတ်ခူးဖို့ ရက်ပိုင်းအလိုမှာပဲ အခုလို ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ခလောင်း (Khlung) ခရိုင်၊ တုတ်ဖရွမ် (Tok Phrom) တိုက်နယ်ရှိ “Ban Suan Benchamat” ဒူးရင်းခြံမှာ ဒူးရင်းပင် ၁၀ ပင်ထက်မက လဲကျခဲ့ပြီး အသီးပေါင်း တန် ၁၀ ကျော် မြေခခဲ့ရပါတယ်။ ဒါဟာ ကနဦးစစ်ဆေးချက်သာဖြစ်ပြီး တောင်ကုန်းပေါ်က ခြံမြေတွေမှာလည်း ထပ်မံပျက်စီးနိုင်ခြေ ရှိနေပါသေးတယ်။: ခြံရှင်ဖြစ်သူက လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုတင်ပြီး “တောင်သူတွေရဲ့ မျက်ရည်က တစ်ယောက်ယောက်အတွက် အရေးပါရဲ့လား” လို့ ဝမ်းနည်းပန်းနည်း ရင်ဖွင့်ခဲ့ပါတယ်။ ဒုတိယအသုတ်အဖြစ် ဆွတ်ခူးရောင်းချဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို မိနစ်ပိုင်းအတွင်း အားလုံးဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒူးရင်းစိုက်ပျိုးသူတွေဟာ တစ်နှစ်ပတ်လုံး ငွေကြေး၊ လုပ်အားနဲ့ မျှော်လင့်ချက်တွေ ရင်းနှီးထားရတာဖြစ်ပြီး၊ အခုလို သဘာဝဘေးအန္တရာယ်ကြောင့် အသီးတွေကြွေကျတဲ့အခါ ဈေးနှိမ်ခံရတာမျိုးတွေနဲ့လည်း ရင်ဆိုင်ရလေ့ရှိပါတယ်။ 

အဆိုပါဗီဒီယို ပျံ့နှံ့သွားပြီးနောက် အွန်လိုင်းအသုံးပြုသူအများအပြားက တောင်သူအမျိုးသမီးကို အားပေးစကားများ ပြောကြားခဲ့ကြသလို၊ တောင်သူတွေဟာ ဈေးကွက်ထဲမရောက်ခင်အထိ မရေရာတဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေရတာကို ထောက်ပြခဲ့ကြပါတယ်။ ဆုံးရှုံးမှုတွေကို အနည်းငယ်ဖြစ်စေ ကာမိစေဖို့အတွက် ခြံရှင်က “မုန်တိုင်းကြောင့် ကြွေကျတဲ့ဒူးရင်းသီးများ (Storm-fallen durian)” ကို ဝယ်ယူလိုတဲ့ ကုန်သည်တွေ ဒါမှမဟုတ် စားသုံးသူတွေကို ဆက်သွယ်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Source; The Nation