ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဒုံဌာနီ (Udon Thani) ခရိုင်တွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အငယ်ဆုံး မိခင်ဖြစ်လာခဲ့ပြီး ကလေး၏ အဖေမှာ အသက် ၁၃ နှစ်အရွယ်သာ ရှိသေးကြောင်း ကျန်းမာရေးမြှင့်တင်ရေး ဗဟိုဌာန ၈ (Health Promotion Center 8) မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်သည့် လူငယ်ကိုယ်ဝန်ဆောင်မှု တားဆီးရေး အသိပညာပေး အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။
အဆိုပါ အသက် ၉ နှစ်အရွယ် မိန်းကလေးသည် ရည်းစားဖြစ်သူနှင့် အဆက်အသွယ် မပြတ်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ကိုယ်ဝန်ယူခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး အရာရှိက ဆိုသည်။
ဤဖြစ်စဉ်ကို Udon Thani Rajabhat တက္ကသိုလ်တွင် ပြုလုပ်သော “Safe Love Smart Life” အလုပ်ရုံဆွေးနွေးပွဲ၌ နမူနာအဖြစ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မကြာသေးမီက အဆိုပါ တက္ကသိုလ်မှ စတုတ္ထနှစ် ကျောင်းသူတစ်ဦး အဆောင်တွင် ကိုယ်ဝန်ပျက်ကျကာ ကလေးရုပ်အလောင်းအား ဘုန်းကြီးကျောင်းသို့ သွားရောက်ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်အပြီးတွင် ယခု အသိပညာပေးပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဥဒုံဌာနီ ခရိုင်တွင် အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကလေးမွေးဖွားမှုမှာ ၂၀၂၃ ခုနှစ်တွင် အမှု ၂၀ ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၆ မှုအထိ လျှော့ချနိုင်ခဲ့သော်လည်း အဆိုးရွားဆုံး အသက် ၉ နှစ်အရွယ်အထိ ပါဝင်လာခဲ့သည်။
ဆွေးနွေးပွဲတွင် တင်ပြချက်များအရ မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိသွားသည့် ကျောင်းသူ/ကျောင်းသားများ၏ စာရင်းဇယားများမှာ အောက်ပါအတိုင်း ဖြစ်သည်။၅၅.၃% သော လူငယ်များသည် ပတ်ဝန်းကျင် အခြေအနေနှင့် အရှိန်အဟုန်ကြောင့် မရည်ရွယ်ဘဲ လိင်ဆက်ဆံခဲ့ကြခြင်း ဖြစ်သည်။
၂၀.၅% မှာ အရက်သေစာ မူးယစ်နေချိန်တွင် လိင်ဆက်ဆံခဲ့ကြခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်မှု စုစုပေါင်း၏ ၆၄.၅% မှာ မရည်ရွယ်ဘဲ ရရှိခဲ့ခြင်းဖြစ်ပြီး၊ ၃၅.၆% သာ ရည်ရွယ်ချက်ရှိရှိ ကိုယ်ဝန်ယူခဲ့ကြခြင်း ဖြစ်သည်။
လူငယ်များသည် ကိုယ်ဝန်ရသွားမည်ကို စိုးရိမ်သည်ထက် မိဘများ သိရှိသွားမည်ကို ပိုမိုစိုးရိမ်လေ့ရှိကြကြောင်း ဆွေးနွေးတိုင်ပင်ရေး အဖွဲ့များက ထောက်ပြထားသည်။
ကျန်းမာရေးမြှင့်တင်ရေး ဗဟိုဌာန ၈ သည် လူငယ်များအတွက် လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် လျှို့ဝှက်စွာ တိုင်ပင်ဆွေးနွေးနိုင်သည့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။
ထို့ပြင် တည်ဆဲဥပဒေများအရ ကိုယ်ဝန်ပတ် ၁၂ ပတ်အထိ အခြေအနေများ (မုဒိမ်းမှု သို့မဟုတ် ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်များ) ပေါ်မူတည်၍ ဘေးကင်းလုံခြုံသော ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ အကူအညီများ (RSA Network) ဖြင့် အကူအညီပေးလျက် ရှိသည်။
Source;Khaosod
