ခရီးသွားသင်္ဘောပေါ်မှ Hantavirus အခြေအနေ- စိုးရိမ်ရန်မလိုကြောင်း WHO အတည်ပြု

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ WHO ၏ ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Maria Van Kerkhove က ယခုဖြစ်စဉ်သည် ပြင်းထန်သည့် ကူးစက်ရောဂါတစ်ခု ဖြစ်သော်လည်း လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ရန် အလွန်ခဲယဉ်းကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

လက်ရှိတွင် အဆိုပါသင်္ဘောပေါ်မှ ရောဂါကူးစက်ခံရသူ ၂ ဦးနှင့် သံသယရှိသူ ၁ ဦးကို ဆေးကုသမှုခံယူရန် နယ်သာလန်နိုင်ငံသို့ လွှဲပြောင်းပေးထားပါတယ်။ သင်္ဘောပေါ်တွင် သေဆုံးသူ ၁ ဦးရှိခဲ့ပြီး လက်ရှိတွင် ခရီးသည်နှင့် သင်္ဘောသား စုစုပေါင်း ၁၅၀ ခန့်သည် ကိပ်ဗာဒီကမ်းလွန်တွင် ရှိနေဆဲဖြစ်ကာ စပိန်နိုင်ငံ၊ ကနေရီကျွန်းစု (Canary Islands) သို့ ဆက်လက်ထွက်ခွာရန် စောင့်ဆိုင်းနေကြပါတယ်။ 

ခရီးသွားသင်္ဘောများပေါ်တွင် Hantavirus ကူးစက်မှု ဖြစ်ပွားခြင်းသည် ယခင်က မရှိခဲ့ဖူးသည့် ဖြစ်စဉ်သစ်ဖြစ်သောကြောင့် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများက အထူးစောင့်ကြည့်နေကြပါတယ်။ Hantavirus သည် များသောအားဖြင့် ကြွက်များမှတစ်ဆင့် လူသို့ ကူးစက်တတ်ပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းမှာ အလွန်ရှားပါးသောကြောင့် COVID-19 ကဲ့သို့ အလွယ်တကူ ပျံ့နှံ့မည်မဟုတ်ကြောင်း သိရပါတယ်။

Source;Thairath