ပတ္တရားတွင် အချစ်ရေးအငြင်းပွားမှုကြောင့် ချိန်းဆိုသတ်ဖြတ်ခံရ

နက္ကလူဝါ (Na Kluea) နယ်မြေ၊ ဆူခွန်ဗစ် ပတ္တရား လမ်းသွယ် ၁၅/၁၂ တွင် နံနက် ၃:၅၆ နာရီခန့်က အသက် ၃၄ နှစ်အရွယ် အာပီချိုင်း (Apichai) ဆိုသူသည် ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

သေဆုံးသူသည် ၎င်း၏ ချစ်သူအမျိုးသမီးက တည်နေရာ (Location Pin) ပေးပို့ပြီး ချိန်းဆိုသည်ဟု ထင်မှတ်ကာ ၎င်း၏ တူဖြစ်သူနှင့်အတူ ကားဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော် အမှန်တကယ်တွင် အဆိုပါ Chat အကောင့်ကို ပြိုင်ဘက်အမျိုးသားက အယောင်ဆောင် အသုံးပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ အခင်းဖြစ်နေရာတွင် လူငယ် ၃ ဦးပါသည့် အဖြူရောင်ကားတစ်စီး ကြိုတင်ရောက်ရှိနေပြီး၊ အမျိုးသားတစ်ဦးက ချုံပုတ်အတွင်း ပုန်းအောင်းနေခဲ့ပါတယ်။ အာပီချိုင်း ကားပေါ်မှဆင်း၍ လျှောက်သွားစဉ် သေနတ်သမားက ထွက်လာပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ 

အတူပါလာသည့် တူဖြစ်သူကိုလည်း သေနတ်သမားက ငြိမ်ငြိမ်နေရန် ခြိမ်းခြောက်ခဲ့ပြီး၊ ဦးလေးဖြစ်သူ ပစ်သတ်ခံရပြီးနောက် ၎င်းသည် ထွက်ပြေးလွတ်မြောက်ကာ ဆွေမျိုးများကို အကြောင်းကြားနိုင်ခဲ့ပါတယ်။ သေဆုံးသူသည် အခင်းမဖြစ်မီက အဆိုပါအမျိုးသမီးနှင့် ပတ်သက်၍ ပြိုင်ဘက်များနှင့် အခြေအတင် စကားများထားသည့် အထောက်အထားများ တွေ့ရှိရသဖြင့် အချစ်ရေးအငြင်းပွားမှုကြောင့် ကလဲ့စားချေသည့် ထောင်ချောက်ဟု ယူဆရပါတယ်။

လက်ရှိတွင် ရဲတပ်ဖွဲ့က တရားခံများကို အမည်စာရင်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ဖမ်းဆီးရမိရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါတယ်။

Source;Thaiger