ချွန်ဘူရီတွင် ရုရှားမောင်နှမ ၂ ဦး အသတ်ခံရသည့် အမှုမှတစ်ဆင့် ပျောက်ဆုံးနေသော ထိုင်းမိသားစု ၃ ဦး၏ ရုပ်အလောင်းများပါ ထပ်မံတွေ့ရှိ

ချွန်ဘူရီ၊ ဩဂုတ် ၁ (၂၀၂၆) – ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဟွေ့ယိုင် (Huai Yai) မြို့နယ်အတွင်း ပျောက်ဆုံးနေသည့် ရုရှားမောင်နှမ နှစ်ဦး၏ အလောင်းကို တောအုပ်တစ်ခုအတွင်း မြေမြှုပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်၊ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ဇွန်လကတည်းက ပျောက်ဆုံးနေသည့် ထိုင်းမိသားစု ၃ ဦး၏ ရုပ်အလောင်းများကိုပါ ထပ်မံတူးဖော် ရရှိခဲ့ကြပါတယ်။
သေဆုံးသူများမှာ အသက် ၂၂ နှစ်အရွယ် ဒိုင်ယာနာ (Diana Nazimova) နှင့် ၎င်း၏ ၁၇ နှစ်အရွယ် မောင်ဖြစ်သူ ရိုမန် (Roman Nazimova) တို့ဖြစ်ကြသည်။
ဖမ်းဆီးရမိထားသည့် သံသယရှိသူ “ဖုန်း (Pong)” နှင့် “ထောင် (Thong)” တို့သည် လမ်းဘေးတွင် ရပ်ထားသည့် ရုရှားမောင်နှမ နှစ်ဦးကို ရဲတပ်ဖွဲ့ဝင်ဟန် ဆောင်၍ စစ်ဆေးကာ တောအုပ်အတွင်းသို့ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
၎င်းတို့ပိုင် မော်တော်ဆိုင်ကယ်ကို လုယက်ရန်ဖြစ်ပြီး၊ အမျိုးသားဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်၍ အမျိုးသမီးဖြစ်သူကို ရိုက်နှက် သတ်ဖြတ်ခဲ့ကြသည်။ ဆိုင်ကယ်ကိုမူ အစိတ်အပိုင်းများ ဖြုတ်ကာ မြေမြှုပ်ဖျောက်ဖျက်ခဲ့ကြသည်။
သံသယရှိသူများကို ဆက်လက်စစ်ဆေးစဉ် ဇွန်လလယ်ကတည်းက ပျောက်ဆုံးနေသည့် အသက် ၅၃ နှစ်အရွယ် ဝိချန်း (Wichian)၊ ၎င်း၏ ဇနီး ၅၀ အရွယ် ချန်တာနာ (Chantana) နှင့် ၁၈ နှစ်အရွယ် သမီးဖြစ်သူ နိချာဖာ (Nichapha) တို့၏ အလောင်းများကိုပါ ရုရှားမောင်နှမများ တွေ့ရှိသည့်နေရာအနီး အုန်းခြံတစ်ခုအတွင်း တူးဖော်တွေ့ရှိခဲ့သည်။
သံသယရှိသူများသည် ရဲတပ်ဖွဲ့ဝင်ဟန် ဆောင်၍ မိသားစု၏ နေအိမ်အတွင်း ဝင်ရောက်ကာ မိဘနှင့် သမီးဖြစ်သူတို့အား ဖမ်းဆီးကာ မိသားစုပိုင် ပစ်ကပ်ကားဖြင့် ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ပစ်ကပ်ကားကို တရားမဝင် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန် သတ်ဖြတ်လုယက်ခဲ့ခြင်းဖြစ်ကြောင်း သံသယရှိသူတစ်ဦးက ထွက်ဆိုထားသည်။
အဓိက သံသယရှိသူ ဖုန်း (Pong) မှာ ထောင်မှ လွတ်မြောက်လာသည်မှာ ၂ လခန့်သာ ရှိသေးသူဖြစ်သည်။ ရဲတပ်ဖွဲ့သည် လက်ရှိတွင် အဓိက သံသယရှိသူ ၂ ဦးကို ထိန်းသိမ်း စစ်ဆေးနေပြီး၊ အမှုတွင် ပါဝင်ပုန်းအောင်းနေသည့် ကျန်ရှိသော ပူးပေါင်းပါဝင်သူ ၂ ဦးအား အရှိန်အဟုန်မြှင့် လိုက်လံ ဖမ်းဆီးလျက်ရှိသည်။

Source;The Nation