ဝန်ကြီးချုပ် Anutin Charnvirakul နှင့် ဘူမ်ဂျိုင်ထိုင်းပါတီမှ ဝန်ကြီးများ ဆွေးနွေးပွဲအပြီးတွင် ယခုကဲ့သို့ ဗီဇာမူဝါဒ အပြောင်းအလဲများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ အထူးသဖြင့် နိုင်ငံခြားသားများက ထိုင်းနိုင်ငံအတွင်း လက်နက်မှုများနှင့် မြေကျူးကျော်မှုများတွင် ပါဝင်ပတ်သက်နေခြင်းကို ထိန်းချုပ်ရန် ရည်ရွယ်ပါတယ်။
လက်ရှိ နိုင်ငံပေါင်း ၉၃ နိုင်ငံကို ပေးထားသည့် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်ကို ရက် ၃၀ သို့ ပြန်လည်လျှော့ချရန် စီစဉ်နေပါတယ်။ စာရင်းဇယားများအရ နိုင်ငံခြားသားခရီးသွားများ၏ ပျမ်းမျှနေထိုင်မှုမှာ ၉ ရက်ခန့်သာရှိပြီး၊ ရက်ပေါင်းအများဆုံးနေထိုင်သည့် နော်ဝေနိုင်ငံသားများပင် ပျမ်းမျှ ၂၁ ရက်သာ နေထိုင်သည့်အတွက် ရက် ၃၀ ဗီဇာမှာ အထွေထွေခရီးသွားများအတွက် လုံလောက်သည်ဟု ယူဆပါတယ်။ ခရီးသွားဗီဇာသာမက ကျောင်းသားဗီဇာ (Student Visa)၊ ရင်းနှီးမြှုပ်နှံမှုဗီဇာ (BOI Visa) နှင့် အခြားဗီဇာအမျိုးအစားအားလုံးကို ပြန်လည်စနစ်တကျဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဤဗီဇာပြန်လည်သုံးသပ်ရေးအတွက် အဆင့်မြင့်လုပ်ငန်းအဖွဲ့ (Working Group) တစ်ခုကို ယနေ့ မေလ ၁၂ ရက် တွင် ကျင်းပမည့် အစိုးရအဖွဲ့အစည်းအဝေး (Cabinet Meeting) တွင် ခန့်အပ်တာဝန်ပေးသွားမှာ ဖြစ်ပါတယ်။ခရီးသွားအမည်ခံကာ ဝင်ရောက်လာပြီး ရာဇဝတ်မှုကျူးလွန်မည့်သူများကို စိစစ်တားဆီးရန်အတွက် ယခုကဲ့သို့ ဗီဇာသက်တမ်း လျှော့ချခြင်းက ထိရောက်သောအကူအညီ ဖြစ်လာမည်ဟု ဆိုပါတယ်။
ဗီဇာသက်တမ်း လျှော့ချလိုက်ခြင်းကြောင့် ထိုင်းနိုင်ငံ၏ ခရီးသွားဈေးကွက်အပေါ် သိသာသည့် ထိခိုက်မှုရှိမည်မဟုတ်ကြောင်း ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ဆေးကုသရန် သို့မဟုတ် အလုပ်သင်ဆင်းရန် လာရောက်သူများအနေဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည့် အခြားဗီဇာအမျိုးအစားများကို သီးခြားလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
Source;The Nation
