အိန္ဒိယနိုင်ငံမှ တရားမဝင် တင်ပို့နေသည့် အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်သော Tapentadol ဆေးပြား သန်းပေါင်းများစွာသည် အနောက်အာဖရိကရှိ လမ်းဘေးဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနေပြီး၊ ယင်းဆေးများကို အခြားမူးယစ်ဆေးဝါးများနှင့် ရောစပ်ကာ “Zombie Drug” အဖြစ် အသုံးပြုနေကြခြင်း ဖြစ်ပါတယ်။
အဆိုပါဆေးပြားများသည် ၂၂၅ မီလီဂရမ် (mg) နှင့် ၂၅၀ မီလီဂရမ် အထိ ပြင်းအားရှိပြီး၊ ဤမျှပြင်းထန်သည့် ပမာဏကို ကမ္ဘာပေါ်ရှိ မည်သည့်ကျန်းမာရေး အာဏာပိုင်အဖွဲ့အစည်းကမျှ ခွင့်ပြုထားခြင်း မရှိပါ။ ဆီရာလီယွန် (Sierra Leone) ကဲ့သို့သော နိုင်ငံများတွင် ဤဆေးပြားများကို အမှုန့်ကြိတ်ကာ Kush ဟုခေါ်သော မူးယစ်ဆေးနှင့် ရောစပ်အသုံးပြုကြပါတယ်။ ယင်းကြောင့် သုံးစွဲသူများမှာ လမ်းမများပေါ်တွင် သေဆုံးနေသည်အထိ အခြေအနေ ဆိုးရွားနေပါတယ်။
အိန္ဒိယအစိုးရက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အချို့သော ဆေးဝါးတင်ပို့မှုများကို ပိတ်ပင်ခဲ့သော်လည်း၊ McW Healthcare, Syncom Formulations နှင့် Gujarat Pharmaceuticals ကဲ့သို့သော ကုမ္ပဏီများသည် “အန္တရာယ်ကင်းသည့်ဆေးဝါးများ” (Harmless Medicines) ဟု အမည်တပ်ကာ ဆက်လက်တင်ပို့နေကြောင်း စုံစမ်းသိရှိရပါတယ်။
အာဖရိကရှိ ဆိုင်ကယ်တက္ကစီသမားများ၊ သတ္တုတွင်းလုပ်သားများနှင့် အထမ်းသမားများသည် ပင်ပန်းမှုကို ခံနိုင်ရည်ရှိစေရန်အတွက် ဤဆေးများကို စွမ်းဆောင်ရည်မြှင့်ဆေး (Performance Enhancer) အဖြစ် အသုံးပြုနေကြခြင်းက ပိုမိုစိုးရိမ်စရာ ဖြစ်နေပါတယ်။
Tapentadol သည် ယခင်က အသုံးပြုခဲ့ကြသည့် Tramadol ထက် ၂ ဆမှ ၃ ဆအထိ ပိုမိုပြင်းထန်ပြီး စွဲလမ်းမှုကို မြန်ဆန်စေပါတယ်။ အထူးသဖြင့် ကလေးငယ်များမှာ စွမ်းအင်ဖြည့်အချိုရည်များနှင့် ရောစပ်သုံးစွဲနေကြကြောင်း သတင်းများက ဆိုပါတယ်။
နိုင်ဂျီးရီးယားနှင့် ဂါနာတွင် ယခုဆေးပြားများကို တရားဝင်မှတ်ပုံတင်ထားခြင်း မရှိဘဲ တရားမဝင်ဆေးဝါးများအဖြစ် သတ်မှတ်ထားပါတယ်။အိန္ဒိယအစိုးရကတော့ တရားမဝင် ဆေးဝါးရောင်းဝယ်မှုကို “သည်းခံမည်မဟုတ်” (Zero-tolerance) ဟု ကြေညာထားသော်လည်း တင်ပို့မှုများကို ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိသေးဘဲ Impunity (ပြစ်ဒဏ်ကင်းလွတ်ခွင့်) ရနေသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ခံနေရပါတယ်။
Source;Bangkok Post
