ဖေ့စ်ဘွတ်ခ် (Facebook) ၏ မိခင်ကုမ္ပဏီဖြစ်သော Meta Platforms သည် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ထမ်းအင်အား လျှော့ချမှု (Layoffs) အစီအစဉ်သစ်ကို ၎င်းတို့၏ အာရှရုံးချုပ်တည်ရှိရာ စင်ကာပူနိုင်ငံ မှ စတင်ကာ ဝန်ထမ်းများထံ အကြောင်းကြားစာများ စတင်ပေးပို့နေပြီဖြစ်ကြောင်း ကုမ္ပဏီတွင်း Memo အထောက်အထားများအရ သိရပါတယ်ဗျာ။
ကုမ္ပဏီအနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ဝန်ထမ်းအင်အား စုစုပေါင်း ၈,၀၀၀ ခန့် ကို ဖြတ်တောက်ရန် စီစဉ်နေပြီး စင်ကာပူပြီးနောက် အမေရိကန်နှင့် ဥရောပရှိ ဝန်ထမ်းများထံသို့လည်း ဆက်လက်အကြောင်းကြားသွားမည် ဖြစ်ပါတယ်။ ယခုအကြိမ်တွင် အင်ဂျင်နီယာ (Engineering) နှင့် ထုတ်ကုန်ဒီဇိုင်း (Product) အဖွဲ့များ အများဆုံး အထိနာနိုင်ပြီး ယခုနှစ်နှောင်းပိုင်းတွင်လည်း နောက်ထပ် ဝန်ထမ်းလျှော့ချမှုများ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ဤကဲ့သို့ ဝန်ထမ်းများ လျှော့ချရခြင်းမှာ ကုမ္ပဏီတွင်း ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် ဉာဏ်ရည်တု (AI) နည်းပညာ ထဲသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဘီလီယံနှင့်ချီကာ တိုးမြှင့်ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ဖြစ်ပါတယ်။
ကုမ္ပဏီသည် ဝန်ထမ်း ၇,၀၀၀ ခန့်ကို AI ထုတ်ကုန်များနှင့် AI Agents များ တီထွင်မည့် အဖွဲ့သစ်များထဲသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပါတယ်။ (ပြီးခဲ့သည့် မတ်လကုန်အထိ မက်တာတွင် ဝန်ထမ်းအင်အား ၈၀,၀၀၀ ခန့် ရှိခဲ့တာ ဖြစ်ပါတယ်)။
အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ် (Mark Zuckerberg) သည် Google နှင့် OpenAI ကဲ့သို့သော ပြိုင်ဘက်များကို ကျော်တက်နိုင်ရန်အတွက် ယခုနှစ်အတွင်းတင် AI နည်းပညာအတွက် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ (ဘီလီယံ ၁၀၀) ထက်မနည်း သုံးစွဲရန် ကတိပြုထားပါတယ်။
မက်တာ၏ လူသားအရင်းအမြစ်အရာရှိချုပ် Janelle Gale က ကုမ္ပဏီအနေဖြင့် ပိုမိုမြန်ဆန်သွက်လက်စေရန် “Pod-style” ဟုခေါ်သည့် အဆင့်ဆင့်စီမံခန့်ခွဲမှုနည်းသော အဖွဲ့ငယ်လေးများဖြင့်သာ ရှေ့ဆက်သွားတော့မည်ဟု ဆိုပါတယ်။
ဇူကာဘတ်သည် ကုမ္ပဏီတွင်းရှိ အင်ဂျင်နီယာများကို ကုဒ်ရေးခြင်း (Coding) နှင့် အခြားလုပ်ငန်းဆောင်တာများတွင် AI အကူအညီများကိုသာ ပိုမိုအားကိုးအသုံးပြုကြရန် တွန်းအားပေးနေပါတယ်။ ထို့အပြင် ဇူကာဘတ်ကိုယ်တိုင်လည်း ဝန်ထမ်းများ၏ တုံ့ပြန်ချက် (Feedback) များကို အကျဉ်းချုပ်ပေးနိုင်မည့် AI စနစ်များကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီက နည်းပညာပိုင်း ပိုမိုကောင်းမွန်စေရန် ဝန်ထမ်းများ၏ လုပ်ငန်းသုံး Device များမှတစ်ဆင့် စာရိုက်ချက်များ (Keystrokes)၊ မောက်စ်လှုပ်ရှားမှုများနှင့် မျက်နှာပြင်ပေါ်က လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာပြီး AI စနစ်များအား လေ့ကျင့်ပေးရန် (Train) ကြိုးပမ်းနေမှုအပေါ် ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်က ကန့်ကွက်လွှာလက်မှတ်ရေးထိုးကာ ဇူကာဘတ်ထံ ပေးပို့ထားကြပါတယ်။ ဝန်ထမ်းများအကြား အလုပ်အကိုင်ပျောက်ဆုံးမည့်အရေး စိုးရိမ်စိတ်များ မြင့်တက်နေပြီး ကုမ္ပဏီတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ (Morale) ကျဆင်းမှုများ ရှိနေပါတယ်။
မက်တာအနေဖြင့် ယခုဝန်ထမ်း ၈,၀၀၀ လျှော့ချခြင်းဖြင့် ဒေါ်လာ ၃ ဘီလီယံခန့် သက်သာနိုင်မည်ဟု ခန့်မှန်းရသော်လည်း၊ ၎င်းတို့ ယခုနှစ်အတွင်း AI ကဏ္ဍတွင် သုံးစွဲရန် ခန့်မှန်းထားသည့် စုစုပေါင်း အသုံးစရိတ် ဒေါ်လာ ၁၄၅ ဘီလီယံနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးလွန်းလှသဖြင့် ရင်းနှီးမြှုပ်နှံသူများက ဤမျှအလွန်အမင်း သုံးစွဲမှုအပေါ် ပြန်လည်ရရှိမည့် အကျိုးအမြတ် (Returns) ရှိပါ့မလားဆိုပြီး စိုးရိမ်ပူပန်မှုများ ရှိနေကြပါတယ်။
Source;The Nation
