ဤထုတ်ပြန်ချက်အရ ဟန်တာဗိုင်းရပ်စ်သည် ထိုင်းနိုင်ငံ၏ ၂၀၁၅ ခုနှစ် ကူးစက်ရောဂါများဆိုင်ရာ ဥပဒေအောက်တွင် ၁၄ ခုမြောက် မြောက်မြားစွာသော ပြင်းထန်ကူးစက်ရောဂါစာရင်းဝင် ဖြစ်လာခဲ့ပါတယ်။ မကြာသေးမီက အာဂျင်တီးနားမှ ထွက်ခွာလာသည့် အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးက ယခုကဲ့သို့ စည်းကမ်းများ အဆင့်မြှင့်တင်လာကြခြင်း ဖြစ်ပါတယ်။
တင်းကျပ်လိုက်သည့် ဥပဒေဆိုင်ရာ စည်းမျဉ်းများ
၁။ ၄၂ ရက် ကွာရန်တင်း: ပိုးတွေ့ရှိသူနှင့် ထိတွေ့မှုရှိခဲ့ပြီး ကူးစက်နိုင်ခြေမြင့်မားသူ (High-risk contacts) များသည် ရောဂါပိုးစတင်ထိတွေ့ခဲ့သည့်နေ့မှစ၍ ၄၂ ရက်တိုင်တိုင် မဖြစ်မနေ ကွာရန်တင်းဝင်ရပါမယ်။
၂။ အချိန်မီ သတင်းပို့ရန်: ရောဂါပိုးရှိသည်ဟု သံသယရှိပါက ၃ နာရီအတွင်း သက်ဆိုင်ရာသို့ အကြောင်းကြားရမည်ဖြစ်ပြီး၊ ကျန်းမာရေးဌာနက ၁၂ နာရီအတွင်းလာရောက်စစ်ဆေး စုံစမ်းရမှာ ဖြစ်ပါတယ်။
၃။ ဥပဒေအရ အရေးယူမှု: ဤသတ်မှတ်ချက်ကြောင့် ကျန်းမာရေးအာဏာပိုင်များသည် လူနာများကို သီးသန့်ခွဲခြားထားခြင်း (Isolation) နှင့် ကွာရန်တင်းအမိန့်ထုတ်ပြန်ခြင်းများကို ဥပဒေကြောင်းအရ လျင်မြန်စွာ ဆောင်ရွက်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။
သိထားသင့်သည့် ဟန်တာဗိုင်းရပ်စ် ရောဂါလက္ခဏာများ
ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Dr. Somruek Chungsaman ၏ ပြောကြားချက်အရ ဤဗိုင်းရပ်စ်သည် လေထဲမှတစ်ဆင့် ကူးစက်နိုင်ခြေရှိပြီး အသက်ရှူလမ်းကြောင်းနှင့် ကျောက်ကပ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။
ကနဦး လက္ခဏာများ:
▪️ကိုယ်အပူချိန် ၃၈ ဒီဂရီစဲလ်စီးယပ်စ်ထက် ကျော်လွန်၍ ဖျားခြင်း။
▪️ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း။
▪️ကြွက်သားများ နာကျင်ကိုက်ခဲခြင်း။
▪️ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း စသည့် အစာအိမ်ဆိုင်ရာ ဝေဒနာများ ခံစားရခြင်း။
ပြင်းထန်လာပါက ဖြစ်ပွားနိုင်သည့် အခြေအနေများ:
▪️အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း (Respiratory failure) နှင့် အဆုတ်ထဲ ရေဝင်ခြင်း။
▪️သွေးပေါင်ချိန် အလွန်အမင်းကျဆင်းပြီး ရှော့ခ် (Shock) ရခြင်း။
▪️ကျောက်ကပ်ပျက်စီးခြင်း (Kidney failure) နှင့် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ ပြည်တွင်းမှာ ပိုးမတွေ့သေးပေမဲ့ အခုလို ကြိုတင်ပြီး ဥပဒေထုတ် တင်းကျပ်လိုက်တာက ရောဂါကူးစက်ပြန့်ပွားမှုကို အမြစ်ပြတ် တားဆီးဖို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ပြင်ဆင်မှုပါဗျာ။
Source; Bangkok Post
