ဘန်ကောက်တွင် စက်ရုံအကြွင်းအကျန် ဆပ်ပြာအစိုအခြောက်များ ပြန်ချက်သည့် တရားမဝင်စက်ရုံ စီးနင်းခံရ

ဤစီးနင်းမှုသည် အွန်လိုင်းမှ ဝယ်ယူသုံးစွဲမိသူ အများအပြား အရေပြားဓာတ်မတည့်ခြင်း (Allergic reactions) နှင့် အခြားကျန်းမာရေးပြဿနာများ ကြုံတွေ့ရကြောင်း စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများ ပြုလုပ်ခဲ့ရာမှစ၍ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

စုံစမ်းတွေ့ရှိချက် အသေးစိတ်

၁။ ကုန်ကြမ်းနှင့် ထုတ်လုပ်ပုံ: အသက် ၄၅ နှစ်အရွယ် မန်နေဂျာဖြစ်သူ မထောင်နတ် (Nongnart) သည် ဘန်ကောက်နှင့် အနီးတစ်ဝိုက်ရှိ စက်ရုံများမှ ဆပ်ပြာအကြွင်းအကျန် အပိုင်းအစများကို ၁ ကီလိုဂရမ်လျှင် ၃၀ မှ ၄၀ ဘတ် ဖြင့် လိုက်လံဝယ်ယူခဲ့ပါတယ်။ ထို့နောက် ယင်းတို့ကို အရည်ဖျော်ကာ အမွှေးနံ့သာ ၁၂ မျိုးထည့်ပြီး ဆပ်ပြာတုံးများ ပြန်လုပ်ခဲ့သလို၊ ဆပ်ပြာရည် (Liquid soap) အတွက်မူ ဆပ်ပြာအကျန်များကို ဆားရေ၊ အမွှေးနံ့သာတို့နှင့် ရောစပ်ပြီး ဘူးသွင်းရောင်းချခဲ့ကြောင်း ဝန်ခံထားပါတယ်။ 

၂။ ဈေးနှုန်းနှင့် ကြော်ငြာ: အဆိုပါ တရားမဝင်ဆပ်ပြာများကို အွန်လိုင်း e-commerce ပလတ်ဖောင်းများတွင် ၁ တုံးလျှင် ၄ ဘတ်မှ ၁၀ ဘတ်အထိ “အလွန်သက်သာသောဈေးနှုန်း” ဖြင့် ရောင်းချခဲ့ပါတယ်။ ထို့ပြင် “သဘာဝတိုင်းရင်းဆေး ၁၀% ပါဝင်သည်”၊ “ပိုးမွှားများကို သေစေနိုင်သည်”၊ “တင်းတိပ်၊ မှဲ့ခြောက်နှင့် ဝက်ခြံများကို ပျောက်ကင်းစေသည်” ဟု အလွန်အကျွံ လိမ်လည်ကြော်ငြာခဲ့ပါတယ်။ 

၃။ ယူကျု (YouTube) ကကြည့်၍ လုပ်ခဲ့ခြင်း: တရားခံအမျိုးသမီးသည် အထက်တန်းအဆင့်အထိသာ ပညာသင်ကြားခဲ့ဖူးပြီး၊ အစပိုင်းတွင် ဆပ်ပြာများကို လက်ကားဝယ်ယူရောင်းချရာမှ ကုန်ကျစရိတ်သက်သာစေရန် YouTube ဗီဒီယိုများမှတစ်ဆင့် ဆပ်ပြာချက်နည်းကို ကိုယ်တိုင်လေ့လာကာ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

၄။ ဝင်ငွေနှင့် ထုတ်လုပ်မှု: တစ်ရက်လျှင် ဆပ်ပြာတုံးပေါင်း ၁,၀၀၀ ခန့် ထုတ်လုပ်နိုင်ပြီး၊ နေ့စဉ် အော်ဒါမှာယူသူ ၈၀၀ ကျော်ရှိကာ တစ်လလျှင် ပျမ်းမျှ ဘတ် ၅၀,၀၀၀ ခန့် ဝင်ငွေရရှိခဲ့တာ ၁ နှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးအား ထိုင်းနိုင်ငံ ဆန်ကုန်ပစ္စည်းအက်ဥပဒေ (Cosmetic Act) အရ လိုင်စင်မဲ့ကုန်ထုတ်လုပ်မှု၊ အတုအပပြုလုပ်မှုနှင့် မှတ်ပုံတင်ထားခြင်းမရှိသော အလှကုန်ပစ္စည်းများ ရောင်းချမှုတို့ဖြင့် အမှုဖွင့်အရေးယူထားပါတယ်။

ရဲတပ်ဖွဲ့သည် သိမ်းဆည်းရမိသော ဆပ်ပြာများနှင့် ဓာတုပစ္စည်းများကို ဓာတ်ခွဲခန်း (Laboratory) သို့ ပို့ဆောင်စစ်ဆေးနေပြီး၊ အကယ်၍ တားမြစ်ထားသော အန္တရာယ်ရှိ ဓာတုပစ္စည်းများ ထပ်မံတွေ့ရှိပါက ပြစ်ဒဏ်များ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Source; Thaiger