ကြောင်ချစ်သူများ သတိပြုရန် – ဘန်ကောက်အနီးတွင် တရားမဝင် ကြောင်ဆေးအတုစက်ရုံ စီးနင်းခံရ

အဆိုပါ စီးနင်းမှုကို ပြီးခဲ့သည့် ဧပြီလ ၂၉ ရက် ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ စုံစမ်းစစ်ဆေးမှုများ အပြီးသတ်တွင် ယခုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ သိမ်းဆည်းရမိသည့် စက်ပစ္စည်းများနှင့် ဆေးဝါးများ၏ စုစုပေါင်းတန်ဖိုးမှာ ဘတ် ၁ သန်းကျော် (အမေရိကန်ဒေါ်လာ ၂၇,၀၀၀ ခန့်) ရှိကြောင်း သိရပါတယ်။

တရားခံများသည် “Emune” ဟု အမည်ရသည့် အမှတ်တံဆိပ်ဖြင့် ရောင်းချခဲ့ပြီး၊ ကြောင်များတွင် အသက်အန္တရာယ်ဖြစ်စေနိုင်သော “ကြောင်ကူးစက်အဆုတ်အမြှေးရောင်ရောဂါ” (Feline Infectious Peritonitis – FIP) ကို ကုသနိုင်သည့် GS-441524 ဗိုင်းရပ်စ်သတ်ဆေး ပါဝင်သည်ဟု အလွန်အကျွံ ကြော်ငြာခဲ့ပါတယ်။  ၎င်းတို့သည် နိုင်ငံခြားမှ တရားမဝင် တင်သွင်းလာသော ဆေးရည်များကို ရေနှင့်ရော၍ ကျဲစေကာ ပမာဏများပြားအောင် ပြုလုပ်ခြင်း၊ ဆေးမှုန့်များကို ဆေးပြားများအဖြစ် စက်ဖြင့် ကိုယ်တိုင်ရိုက်နှိပ်ခြင်း စသည့် နည်းလမ်းများဖြင့် သန့်ရှင်းမှုမရှိဘဲ ဗူးသွင်းကာ လူမှုကွန်ရက်စာမျက်နှာများနှင့် ဝက်ဘ်ဆိုက်များမှတစ်ဆင့် ပြန်လည်ရောင်းချခဲ့ကြခြင်း ဖြစ်ပါတယ်။ 

အခင်းဖြစ်ပွားရာ စက်ရုံအတွင်းမှ ဆေးပြားရိုက်စက်၊ ကုန်ကြမ်းဓာတုပစ္စည်းများ၊ ဗူးပိတ်စက်များ၊ တံဆိပ်မျိုးစုံနှင့် ဗူးခွံအလွတ် ထောင်ပေါင်းများစွာကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။

ထိုင်းကျန်းမာရေးနှင့် မွေးမြူရေးအာဏာပိုင်များ၏ သတိပေးချက်အရ ဤဆေးအတုများသည် သန့်ရှင်းမှုမရှိသည့်အပြင် ဆေးအာနိသင် ပါဝင်မှုနှုန်းမှာလည်း ကမောက်ကမဖြစ်နေသဖြင့် သုံးစွဲမိပါက အိမ်မွေးကြောင်ကလေးများကို အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ကြောင်း သိရပါတယ်။

လက်ရှိတွင် တရားခံများကို ထိုင်းနိုင်ငံ ဆေးဝါးအက်ဥပဒေ (Drug Act) အရ -တရားမဝင် ဆေးဝါးထုတ်လုပ်မှုနှင့် တင်သွင်းမှု၊မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချမှု၊ ခွင့်ပြုချက်မရှိဘဲ ဆေးဝါးကြော်ငြာမှု စသည့် ပုဒ်မများဖြင့် ထိရောက်စွာ အမှုဖွင့် အရေးယူထားပါတယ်ဗျာ။

Source; Khaosod