အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ စစ်သေနာပတိဟောင်း Mohsen Rezaei က အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို စစ်ကြေညာခြင်း (Act of war) ဟု သတ်မှတ်ပြီး၊ ပိတ်ဆို့မှုကို မရုပ်သိမ်းပါက အိုမန်ပင်လယ် (Sea of Oman) သည် အမေရိကန်စစ်တပ်အတွက် သင်္ချိုင်းဂူဖြစ်လာလိမ့်မည်ဟု ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက် တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်ဗျာ။

“စစ်တပ်က ခလုတ်နှိပ်ရန် အသင့်ဖြစ်နေပြီ” – တင်းမာမှု အမြင့်ဆုံးသို့ ရောက်ရှိလာခြင်း
အီရန်အဆင်မြင့်အရာရှိ Rezaei ၏ ပြောကြားချက်အရ အီရန်နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များသည် လက်ရှိအခြေအနေကို နောက်ထပ်ထိပ်တိုက်တွေ့ဆုံမှုတစ်ခုအတွက် အပြည့်အဝပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားခြင်းကို “စစ်ပွဲဆင်နွှဲခြင်း” ဟု Rezaei က ဖော်ပြခဲ့ပြီး၊ မိမိတို့နိုင်ငံကို ကာကွယ်ရန် တုံ့ပြန် confrontation လုပ်ပိုင်ခွင့်သည် တီဟီရန်အစိုးရ၏ သဘာဝကျသော အခွင့်အရေးဖြစ်သည်ဟု ဆိုပါတယ်။ အမေရိကန်က ရေကြောင်းပိတ်ဆို့မှုကို အချိန်ဆွဲထားလေလေ၊ တစ်ကမ္ဘာလုံးရှိ နိုင်ငံများ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးကို ပိုမိုထိခိုက်ပျက်စီးစေလေလေ ဖြစ်လိမ့်မည်ဟု သတိပေးထားပါတယ်။ စစ်ပွဲကို အဆုံးသတ်ရန် သံတမန်ရေးအရ ဆွေးနွေးမှုများ ရှိနေသော်လည်း၊ ဆွေးနွေးပွဲများ အောင်မြင်ရန်အတွက် အမေရိကန်ဘက်က လက်တွေ့ကျကျ ယုံကြည်စိတ်ချရမှု ရှိမရှိ အရင်ဆုံး သက်သေပြရမည်ဖြစ်ပြီး၊ အီရန်စစ်တပ်အနေဖြင့်မူ “မောင်းခလုတ်ဆွဲရန် အသင့်အနေအထား”ဖြင့် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကတည်းက အီရန်ဆိပ်ကမ်းများသို့ ဝင်ထွက်မည့် ကုန်သွယ်ရေးနှင့် ရေကြောင်းသွားလာမှုအားလုံးကို အမေရိကန်ရေတပ်အင်အားသုံး၍ ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန်ဘက်က ၎င်းတို့သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း အီရန်ဘက်က ငြိမ်းချမ်းရေးစာချုပ် လက်မှတ်မထိုးမချင်း ယခုပိတ်ဆို့မှုကို ရုပ်သိမ်းမည်မဟုတ်ကြောင်း ပြောကြားထားပြီး၊ အီရန်ဘက်ကလည်း အမေရိကန်၏ ဖိအားကို လုံးဝဒူးထောက် အရှုံးပေးမည်မဟုတ်ကြောင်း တုံ့ပြန်ထားခြင်းကြောင့် အရှေ့အလယ်ပိုင်းအရေးမှာ နေ့စဉ်နှင့်အမျှ တင်းမာမှု မြင့်တက်နေပါတယ်ဗျာ။
Source; The Nation
