ထိုင်းအစိုးရ အတည်ပြုချက် – အောက်တိုဘာ ၁၆ ရက်ကို ဘန်ကောက်တွင် အထူးအစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်

ကမ္ဘာ့ဘဏ်နှင့် IMF ထိပ်သီးအစည်းအဝေးကြောင့် ဝန်ထမ်းများ ရက်ပိုင်း WFH ဆင်းရမည်

လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ တွင် ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဘဏ် (World Bank) နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့၏ နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရန်နှင့် လုံခြုံရေး တင်းကျပ်နိုင်ရန်အတွက် အောက်တိုဘာလ ၁၆ ရက် (သောကြာနေ့) ကို ဘန်ကောက်မြို့တော်အတွင်း “အထူးအစိုးရရုံးပိတ်ရက်” အဖြစ် ထိုင်းအစိုးရအဖွဲ့ (Cabinet) က အတည်ပြုခွင့်ပြုလိုက်ပါတယ်။

ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စ ရာချဒါ (Rachada Dhnadirek) ၏ ထုတ်ပြန်ချက်အရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ တင်ပြချက်ကို အစိုးရအဖွဲ့က သဘောတူညီခဲ့ပြီး အောက်ပါအတိုင်း ညွှန်ကြားချက်များ ထုတ်ပြန်ထားပါတယ်။၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် ကို ဘန်ကောက်မြို့တွင် အထူးအစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်သည်။ (စနွေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် ပေါင်းပါက ၃ ရက်ဆက်တိုက် ပိတ်ရက်ဖြစ်သွားမည် ဖြစ်ပါတယ်)။

ဘန်ကောက်မြို့တော်ရှိ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး အစည်းအဝေးရက်များဖြစ်သည့် အောက်တိုဘာလ ၁၂ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် ရုံးတက်ရန်မလိုဘဲ အိမ်မှနေ၍ အဝေးရောက်စနစ် (Remote working / WFH) ဖြင့်သာ အလုပ်လုပ်ကြရန် ညွှန်ကြားထားပါတယ်။

အစည်းအဝေးကျင်းပမည့် နေရာများနှင့် နီးကပ်သည့် နိုင်ငံပိုင်လုပ်ငန်းများ၊ ဘဏ်နှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ စာသင်ကျောင်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများကိုလည်း ၎င်းတို့၏ လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်ပြီး ဝန်ထမ်းများအား အိမ်မှအလုပ်လုပ်စေခြင်း သို့မဟုတ် သင့်လျော်သလို ရုံးပိတ်ပေးခြင်းမျိုး လုပ်ဆောင်ရန် မေတ္တာရပ်ခံထားပါတယ်။

ပြည်သူလူထုကို တိုက်ရိုက်ဝန်ဆောင်မှုပေးရသည့် အရေးကြီးဌာနများ သို့မဟုတ် ကြိုတင်ချိန်းဆိုထားသည့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ရှိပါက ပြည်သူများ နစ်နာမှုမရှိစေရန်အတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲများ၏ ဆုံးဖြတ်ချက်ဖြင့် ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆက်လက်လည်ပတ်သွားမည် ဖြစ်သည်။

ယခုကဲ့သို့ အထူးရုံးပိတ်ရက်နှင့် WFH အစီအစဉ်များ ချမှတ်ရခြင်းမှာ အစည်းအဝေးသို့ တက်ရောက်လာကြမည့် ကမ္ဘာတစ်ဝန်းမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ ဘန်ကောက်မြို့တွင်း သွားလာရလွယ်ကူစေရန်၊ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရန်နှင့် လုံခြုံရေးကို အမြင့်ဆုံးအဆင့်အထိ အာမခံချက်ပေးနိုင်ရန်အတွက် ဖြစ်ပါတယ်ဗျာ။

Source;Bangkok Post