ကမ္ဘာ့မျက်မှောက်ရေးရာ – ပူတင် တရုတ်နိုင်ငံသို့ ရောက်ရှိပြီး ရှီကျင့်ဖျင်နှင့် တွေ့ဆုံ၊ ထရမ့်အပြန် နှစ်ရက်အကြာတွင် ရုရှား-တရုတ် မဟာမိတ်အင်အားပြမှု ဖြစ်ပေါ်လာ

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်း (အီရန်နှင့် ဟော်မုဇ်ရေလက်ကြား) အကျပ်အတည်းများ အရှိန်မြင့်နေချိန်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီး ရက်ပိုင်းအလိုမှာပင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ပေကျင်းမြို့သို့ ရောက်ရှိလာကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက် တွင် သတင်းရရှိပါတယ်။

ရုရှားသမ္မတ ပူတင်သည် မေလ ၁၉ ရက် (အင်္ဂါနေ့) ညပိုင်းကတည်းက ပေကျင်းမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့မှစတင်ကာ တရားဝင် နှစ်ရက်တာ ဆွေးနွေးမှုများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ယခုခရီးစဉ်သည် ရုရှားနှင့် တရုတ်နိုင်ငံတို့အကြား စစ်အေးတိုက်ပွဲခေတ် အယူဝါဒပဋိပက္ခများကို အဆုံးသတ်စေခဲ့သည့် ၂၀၀၁ ခုနှစ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Good-Neighborliness and Friendly Cooperation) သက်တမ်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်ကာလနှင့် တိုက်ဆိုင်နေပါတယ်။

ဒါဟာ တစ်နှစ်မပြည့်ခင် ကာလအတွင်းမှာတင် ပူတင်နဲ့ ရှီကျင့်ဖျင်တို့အကြား ဒုတိယအကြိမ်မြောက် လူကိုယ်တိုင် ထိပ်သီးတွေ့ဆုံမှုလည်း ဖြစ်ပါတယ်ဗျာ။

နိုင်ငံတကာ နိုင်ငံရေးလေ့လာသူများက တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် တစ်ပတ်အတွင်းမှာတင် ကမ္ဘာ့အင်အားကြီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဒေါ်နယ်ထရမ့်ရော၊ ဗလာဒီမာပူတင်ကိုပါ လက်ခံတွေ့ဆုံခဲ့ခြင်းဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ တရုတ်နိုင်ငံကို ကမ္ဘာ့သံတမန်ရေးရာ အချက်အချာဗဟိုချက် (Global diplomatic hub) အဖြစ် ပုံဖော်လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခန့်မှန်းရခက်သော နိုင်ငံခြားရေးမူဝါဒများနှင့် ပိတ်ဆို့အရေးယူမှုများကြောင့် ဖိအားပေးခံနေရသည့် ရုရှားနှင့် တရုတ်တို့သည် စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ ကဏ္ဍစုံတွင် ပိုမိုပူးပေါင်းရန် တွန်းအားဖြစ်စေခဲ့ပါတယ်။ ယခုထိပ်သီးဆွေးနွေးပွဲသည် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေး အဓိကလမ်းကြောင်းဖြစ်သည့် အိုမန်ပင်လယ်နှင့် ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်က ရေကြောင်းပိတ်ဆို့ထားမှုကြောင့် တင်းမာနေချိန်နှင့် ယူကရိန်းစစ်ပွဲ မပြတ်သေးချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်၍ ကမ္ဘာ့စွမ်းအင်စျေးကွက်အရေးကိုပါ ထည့်သွင်းဆွေးနွေးနိုင်ခြေ ရှိနေပါတယ်။

Source; Thairath