အသားလိမ်းရန်အတွက်သာ ခွင့်ပြုထားသည့် အလှကုန်ပစ္စည်းများကို ဥပဒေကြောင်းအရ စိစစ်မှု လွယ်ကူစေရန်အတွက် အလှကုန် (Cosmetic) အဖြစ် အလွယ်တကူ မှတ်ပုံတင်ပြီးနောက်၊ အမှန်တကယ်တွင် ခန္ဓာကိုယ်အတွင်းသို့ ဆားရည်ဖြင့်ရောကာ အသားဖြူဆေးအဖြစ် ထိုးသွင်းနေသည့် တရားမဝင် ဂလူတာသိုင်ယုန်း (Glutathione) ဆေရမ်လုပ်ငန်းစုကြီးကို ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့က စီးနင်းဖမ်းဆီးလိုက်ပါတယ်။
ယခုဖမ်းဆီးမှုသည် အွန်လိုင်းပေါ်တွင် ကျော်ကြားနေသည့် အသားဖြူဆေရမ်အမှတ်တံဆိပ်တစ်ခုကို ဝယ်ယူပြီး ဆေးခန်းများတွင် ဆားရည် (Saline solution) ဖြင့်ရောကာ ခန္ဓာကိုယ်တွင်းသို့ အသားဖြူဆေးဗီတာမင်အဖြစ် ထိုးသွင်းနေကြကြောင်း ပြည်သူများနှင့် FDA ထံ တိုင်ကြားချက်များ ရောက်ရှိလာရာမှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါကုန်ပစ္စည်းပိုင်ရှင်သည် အသားဖြူစေသည့် Glutathione ပါဝင်သော ဒြပ်ပစ္စည်းများကို ထိုင်းစက်ရုံတစ်ခုတွင် ထုတ်လုပ်ခိုင်းခဲ့သော်လည်း၊ တင်းကျပ်သည့် ဆေးဝါး (Medicine) မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ရှောင်လွှဲရန်အတွက် ခွင့်ပြုချက်ရလွယ်ကူသော အလှကုန် (Cosmetic) အဖြစ်သာ အတုအယောင် မှတ်ပုံတင်ခဲ့ပါတယ်။
ထိုသို့မှတ်ပုံတင်ပြီးနောက် အလှအပရေးရာဆေးခန်းများသို့ ပြန်လည်ဖြန့်ဖြူးရာတွင်မူ နိုင်ငံခြားမှ တင်သွင်းလာသည့် အဆင့်မြင့် အသားဖြူထိုးဆေးများ (Imported injectable treatments) ဖြစ်သည်ဟု အွန်လိုင်းတွင် လိမ်လည်ကြော်ငြာကာ သုံးစွဲသူများကို ဆေးထိုးပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဤဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူအားလုံးကို ထိုင်းနိုင်ငံ၏ အလှကုန်ပစ္စည်းဥပဒေ၊ ဆေးဘက်ဆိုင်ရာကိရိယာဥပဒေနှင့် ဆေးဝါးဆိုင်ရာဥပဒေ ပုဒ်မပေါင်းများစွာဖြင့် ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ၎င်းတို့ရင်ဆိုင်ရမည့် အမှုများတွင် ထိုင်းဘာသာစကားဖြင့် ကုန်အညွှန်းအမှတ်အသား မပါရှိခြင်း၊ FDA စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းတင်သွင်းခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဆေးဝါးများ ဖြန့်ဖြူးခြင်းတို့ ပါဝင်ပါတယ်။
FDA အတွင်းရေးမှူးချုပ် မစ္စ ဆူပတြာ (Supatra Boonserm) က “အသားလိမ်းဖို့ ခွင့်ပြုထားတဲ့ အလှကုန်တွေကို ခန္ဓာကိုယ်ထဲ ထိုးသွင်းတဲ့ပုံစံမျိုး ပြောင်းလဲအသုံးပြုတာဟာ ခန္ဓာကိုယ်တွင်း ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆန်းစစ်မှုတွေ လုံးဝမရှိထားတဲ့အတွက် အသက်အန္တရာယ်ရှိတဲ့အထိ အလွန်ပင် စိုးရိမ်ရပါတယ်” ဟု ပြောကြားခဲ့ပြီး ဆေးခန်းများနှင့် စားသုံးသူများအနေဖြင့် ထိုးဆေးများ၏ ကုန်အညွှန်းအမှတ်အသားများကို သေချာစွာ စိစစ်ကြရန် သတိပေးထားပါတယ်။
Source;Khaosod
