ရှမ်းလူ့အခွင့်အရေးအဖွဲ့ (SHRF) ၏ ထိတ်လန့်ဖွယ်အစီရင်ခံစာ – တာချီလိတ်စကမ်ရုံးများမှ ထိုင်းနယ်စပ်အနီး ရှားပါးသတ္တုတွင်းများဆီသို့ မြန်မာလုပ်သားများကို ကျွန်ပြုရောင်းစားနေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက် ထုတ်ပြန်ချက်အရ တာချီလိတ်ရှိ တရုတ်အွန်လိုင်းစကမ် (Scam) ဂိုဏ်းများနှင့် ထိုင်းနယ်စပ်အနီးရှိ ရှားပါးမြေထွက်သတ္တု (Rare Earth) တွင်းများသည် စနစ်တကျချိတ်ဆက်ကာ မြန်မာလုပ်သားများကို လူကုန်ကူးကျွန်ပြုနေကြပါတယ်ဗျာ။

အသက် ၂၅ နှစ်အရွယ် “ကိုတက်” (အမည်လွှဲ) သည် တာချီလိတ်၊ ယုံနီဦးရီဆော့ရှိ တရုတ်စကမ်ကုမ္ပဏီတွင် စာရင်းကိုင်အလုပ်ဟုဆိုကာ ဝင်ရောက်လုပ်ကိုင်ခဲ့ရာမှ ကြွေးမြီမတရားတင်ခံရပြီး၊ ငြင်းဆန်ပါက စစ်ကောင်စီထံအပ်ကာ စစ်မှုထမ်းခိုင်းမည်ဟု ခြိမ်းခြောက်ခံခဲ့ရပါတယ်။

၂၀၂၆ ဧပြီလတွင် ရဲဝင်စီးမည်ဟု သတင်းထွက်လာသဖြင့် တရုတ်မန်နေဂျာများက ၎င်းတို့အား မိုင်းယောင်းရှိ သတ္တုတွင်းသို့ “ကြွေးမြီအရောင်းအဝယ်” အဖြစ် လျှို့ဝှက်ရွှေ့ပြောင်းခဲ့ပါတယ်။ လမ်းခရီးတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ မှ တပ်ကြပ်ကြီးတစ်ဦးကိုယ်တိုင် ယာဉ်တန်းကို စစ်ဆေးမှုမရှိစေရန် ဂိတ်များကို ဖြတ်ကျော်ခေါ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

မိုင်းယောင်းသတ္တုတွင်း၌ လုပ်သားများကို ညဘက်တွင် သံကြိုးခတ်ပိတ်လှောင်ထားပြီး၊ နေ့ဘက်တွင် အဆိပ်သင့်ဓာတုပစ္စည်းများကို သာမန် Mask လေးတစ်ခုတည်းဖြင့် ကိုင်တွယ်တူးဖော်ခိုင်းခဲ့ပါတယ်။ ထွက်ပြေးသူများကို ဝစစ်သားများက သစ်ပင်တွင် ကြိုးတုပ်ရိုက်နှက်လေ့ရှိပြီး စားစရာကိုလည်း ဆန်ပြုတ်ရည်မျှသာ ကျွေးမွေးခဲ့ပါတယ်။

အဆိုပါသတ္တုတွင်းများသည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲသို့ စီးဝင်သည့် ကုတ်မြစ် (Kok River) အနီးတွင်ရှိနေပြီး၊ မည်သည့်ထိန်းသိမ်းမှုမှမရှိဘဲ ဓာတုပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်နေ၍ နယ်စပ်နှစ်ဖက်စလုံးရှိ ရေထုနှင့် ဂေဟစနစ်ကို ကြီးမားစွာ ညစ်ညမ်းစေနေပါတယ်။

“လစာကောင်းကောင်းရမယ်” ဆိုတဲ့ ကြော်ငြာတွေနဲ့ တာချီလိတ် သို့မဟုတ် နယ်စပ်ဒေသ ကာစီနို/ဟိုတယ်ဝန်းတွေထဲက အွန်လိုင်းအလုပ်တွေကို လုံးဝ (လုံးဝ) မသွားကြဖို့ အထူးသတိပေးပါရစေဗျာ။ စကမ်တင်မကဘဲ အခုလို သေနတ်မိုးပြီး အသက်နဲ့လဲရတဲ့ သတ္တုတွင်းတွေထဲအထိ ကျွန်ပြုရောင်းစားခံရနိုင်လို့ မိမိတို့ကိုယ်တိုင်ရော နီးစပ်ရာသူငယ်ချင်းတွေကိုပါ အထူးသတိပေး မျှဝေပေးကြပါဗျ။

Source;The Nation