ထိုင်းအစိုးရ စာသင်ကျောင်းများတွင် Esports အားကစားကို ထည့်သွင်းမည် – ဒီဂျစ်တယ်လူသားအရင်းအမြစ် (Digital Human Capital) မြှင့်တင်ရန် ရည်ရွယ်

ထိုင်းအစိုးရသည် နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများတွင် အွန်လိုင်းဂိမ်းကစားခြင်း (Esports) ကို သင်ရိုးညွှန်းတမ်းများနှင့် လှုပ်ရှားမှုများအဖြစ် ထည့်သွင်းရန် တွန်းအားပေးလုပ်ဆောင်နေပြီး၊ ၎င်းကို ဖျော်ဖြေရေးသက်သက်အဖြစ် မဟုတ်ဘဲ ကမ္ဘာ့ဖန်တီးမှုလုပ်ငန်းကဏ္ဍ (Creative Industry) အတွက် “ဒီဂျစ်တယ်လူသားအရင်းအမြစ်” ပြုစုပျိုးထောင်မည့် ကိရိယာတစ်ခုအဖြစ် ပြောင်းလဲရှုမြင်လာပါတယ်။

ထိုင်းပညာရေးဝန်ကြီးဌာန၏ ဤခြေလှမ်းသည် စီးပွားရေးခေတ်သစ်အတွက် ထိုင်းလူငယ်များကို ပြင်ဆင်ပေးခြင်းဖြစ်ကြောင်း အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ မစ္စ ပတ်ဒါရတ် (Patdarasm Thongsaluaykorn) က ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက် (ကြာသပတေးနေ့) တွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကနဦးအဆင့်တွင် Esports ကို နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများ၏ “To Be Number One” ကလပ်များမှတစ်ဆင့် စတင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။လူငယ်များအနေဖြင့် Esports မှတစ်ဆင့် နည်းပညာစွမ်းရည် (Technology skills)၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Analytical thinking)၊ အဖွဲ့အစည်းဖြင့် လုပ်ကိုင်တတ်မှု (Teamwork) နှင့် မိမိကိုယ်ကိုယ်စီမံခန့်ခွဲမှု (Self-management) စသည့် အဓိကအရည်အချင်း ၄ ခုကို ဖွံ့ဖြိုးလာစေရန် နေရာဖန်တီးပေးမှာ ဖြစ်ပါတယ်။

ကျောင်းကိုယ်စားပြု အဆင့်မှသည် အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့် ပြိုင်ပွဲများအထိ ယှဉ်ပြိုင်နိုင်ရန် ကျောင်းသားများကို ရွေးချယ်သွားမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် သင်ရိုးညွှန်းတမ်းအပြည့်အစုံအထိ တိုးချဲ့သွားရန် စီစဉ်ထားပါတယ်။

ထိုင်းအစိုးရသည် ကလေးများ၏ ပညာရေးကို ယခင်ကကဲ့သို့ အလွတ်ကျက်မှတ်ရသည့် ပုံစံ (Memorisation-based) မှသည် “တွေးခေါ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် နည်းပညာကို အသုံးချခြင်း” တို့ကို အဓိကထားသည့် ပုံစံသို့ ပြောင်းလဲရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ Esports ကို ဖျော်ဖြေရေးသက်သက်လို့ မမြင်ပါဘူး၊ ၎င်းဟာ လူငယ်တွေအတွက် ဝင်ငွေနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တဲ့ ကြီးမားတဲ့ စီးပွားရေးတန်ဖိုးရှိတဲ့ ဖန်တီးမှုလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ထိုင်းကလေးတိုင်းမှာ အရည်အချင်းရှိကြပြီး မှန်ကန်တဲ့ အခွင့်အလမ်းနဲ့ ကိရိယာတွေ ပံ့ပိုးပေးရင် ကမ္ဘာ့စင်မြင့်ထက်မှာ ယှဉ်ပြိုင်နိုင်မှာပါ” ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Source;Bangkok Post