ကုန်ကျစရိတ်မြှင့်နေချိန်တွင် ရွှေ့ပြောင်းလုပ်သား ပြတ်လပ်မှုပြဿနာကို အစိုးရ ချက်ချင်းဖြေရှင်းပေးရန် ထိုင်းစီးပွားရေးအဖွဲ့ချုပ်များ အရေးပေါ်တောင်းဆို 

စွမ်းအင်ကုန်ကျစရိတ် (မီးခောက်/စက်သုံးဆီခ) မြင့်တက်မှုကြောင့် စီးပွားရေးကျပ်တည်းနေချိန်တွင် အဓိကကဏ္ဍကြီးများကို အန္တရာယ်ဖြစ်စေသည့် ရွှေ့ပြောင်းလုပ်သား ပြတ်လပ်မှုပြဿနာ ကို ဖြေရှင်းရန်အတွက် ထိုင်းအစိုးရအနေဖြင့် အရေးပေါ်အရေးယူဆောင်ရွက်ပေးရန် ထိုင်းစီးပွားရေးအဖွဲ့အစည်းများက ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက် (သောကြာနေ့) တွင် တောင်းဆိုလိုက်ပါတယ်။

ထိုင်းကုန်သည်ကြီးများအသင်း (TCC) ၏ ဒုတိယဥက္ကဋ္ဌ ကုန်သွယ်ရေး၊ စက်မှုနှင့် ဘဏ်လုပ်ငန်း ပူးတွဲကော်မတီ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ဝီဘွန်း (Wiboon Suphakarnpongkul) ၏ ပြောကြားချက်အရ ထိုင်းစီးပွားရေးအတွက် အရေးကြီးသော ယခုကာလတွင် ကုန်ထုတ်လုပ်မှု (Manufacturing) နှင့် စိုက်ပျိုးရေး (Agriculture) ကဏ္ဍများ အနှောင့်အယှက်မဖြစ်စေရန် ရွှေ့ပြောင်းလုပ်သားများ၊ အထူးသဖြင့် ကမ္ဘောဒီးယားလုပ်သားများ၏ Work Permit (အလုပ်လုပ်ကိုင်ခွင့်လက်မှတ်) သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်များကို အစိုးရက အမြန်ဆုံး (Fast-track) ဆောင်ရွက်ပေးသင့်ကြောင်းဆိုပါတယ်။

ထိုင်းနိုင်ငံတွင် စုစုပေါင်း ရွှေ့ပြောင်းလုပ်သား ၃.၉ သန်းခန့် ရှိသော်လည်း၊ ကမ္ဘောဒီးယားလုပ်သား အရေအတွက်မှာ ယခင် ၅၅၀,၀၀၀ ခန့်ရှိရာမှ လက်ရှိတွင် ၁၉၄,၀၀၀ ခန့်အထိ သိသိသာသာ ထိုးဆင်းသွားခဲ့ပါတယ်ဗျာ။ ၎င်းမှာ ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် လုပ်သားအများအပြား နေရပ်ပြန်သွားကြခြင်း ဖြစ်ပါတယ်။

ထိုင်းအရှေ့ပိုင်း သစ်သီးဝလံလုပ်ငန်းသည် တစ်နှစ်လျှင် ဘတ်ဘီလီယံ ၂၀၀ ခန့် တန်ဖိုးရှိပြီး၊ ယခုကဲ့သို့ လုပ်သားပြတ်လပ်မှုကြောင့် သစ်သီးများ အရည်အသွေးကျဆင်းခြင်းနှင့် ရိတ်သိမ်းဆွတ်ခူးမည့် အချိန်အခါကောင်းကို လွဲချော်ခြင်းစသည့် ဆုံးရှုံးမှုကြီးများနှင့် ရင်ဆိုင်နေရပါတယ်ဗျာ။

Source; Bangkok Post