ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပရာဝက် (Prawet) မြို့နယ်ရှိ နိုင်ငံအတွင်း အကြီးဆုံးဖြစ်သော တရားမဝင် နိုက်ထရပ်စ်အောက်ဆိုက် (Nitrous Oxide – ရယ်ဂက်စ်) ထုတ်လုပ်သည့် စက်ရုံနှင့် ဂိုဒေါင်ကြီးအား ရဲတပ်ဖွဲ့နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့ ပူးပေါင်း၍ ဝင်ရောက်စီးနင်းခဲ့ရာ ဘတ် ၇၂ သန်းကျော် တန်ဖိုးရှိ ပစ္စည်းများနှင့် ဂက်စ်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်ဗျာ။
ဘန်ကောက်မြို့၊ ဒုတ်မိုင် (Dok Mai) ရပ်ကွက်၊ ချလင်းဖရာခရီး ရာမ ၉ လမ်းသွယ်အတွင်းရှိ စက်ရုံနှင့် ဂိုဒေါင်ဝင်းအား နဂါးငါး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဖန်းလော့ အဲရမ်လာ (Pallop Aeramla) နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့တို့က ဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
စက်ရုံအား ကြီးကြပ်ကွပ်ကဲနေသည့် တရုတ်နိုင်ငံသား ၂ ဦး နှင့် စက်ရုံအတွင်း အလုပ်လုပ်ကာ နေထိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦး တို့အား ဖမ်းဆီးရမိခဲ့သည်။
ဖြန့်ဖြူးရန် အသင့်ဖြစ်နေသည့် နိုက်ထရပ်စ်အောက်ဆိုက် ဂက်စ်အိုး ၁,၆၅၂ အိုး၊ ဂက်စ်အိုးအလွတ် ၄,၂၀၀ အိုး၊ ဂက်စ်ဖြည့်စက်များ၊ ကွန်ပရက်ဆာများနှင့်အတူ အရည်ပျော် ဂက်စ် ကီလိုဂရမ် ၇၂,၀၀၀ ပါဝင်သော သိုလှောင်ကန်ကြီးများ တင်ဆောင်ထားသည့် နောက်တွဲယာဉ်ကြီး ၂ စီး တို့ကို ပါ သိမ်းဆည်းရမိခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ တရားမဝင် စက်ရုံမှာ သတိမမူမိဘဲ တစ်နှစ်ကျော်ကြာ လည်ပတ်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် အရည်ပျော် နိုက်ထရပ်စ်အောက်ဆိုက်များကို အမြောက်အမြား တင်သွင်းကာ စက်ရုံ၌ ဂက်စ်အဖြစ် ပြောင်းလဲ၍ အိုးငယ်များအတွင်း သို့ ဖြည့်သွင်းပြီး ၁ ကီလိုဂရမ်လျှင် ဘတ် ၁,၀၀၀ နှုန်းဖြင့် နိုင်ငံတစ်ဝန်းရှိ ကလပ်၊ ဘားများနှင့် ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်သည့် နေရာများသို့ မှောင်ခိုဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
FDA ၏ တိုင်ကြားမှုနှင့် မှုခင်းနှိမ်နင်းရေး ဗဟိုဌာန ညွှန်ကြားရေးမှူး အာရန်ယာ သပ်ဖိသက် (Aranya Thepphitak) က အဆိုပါ ရယ်ဂက်စ်များအား ဘောလုံးများအတွင်း ထည့်သွင်း၍ အပျော်တမ်း ရှူရှိုက်ခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြင်းထန်စွာ သတိပေးထားသည်။
-ရုတ်တရက် သက်ရောက်မှု: အဆုတ်နှင့် ဗဟိုနာဗ်ကြောစနစ်အတွင်းရှိ အောက်ဆီဂျင်များကို လျှော့ချပစ်သဖြင့် ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ဟန်ချက်ပျက်ခြင်းနှင့် သတိလစ်မေ့မြောခြင်းတို့ ဖြစ်ပွားနိုင်သည်။
-ရေရှည် သက်ရောက်မှု: စွဲမြဲစွာ ရှူရှိုက်ပါက ခန္ဓာကိုယ်အတွင်း ဗီတာမင် B12 ဓာတ် အပြင်းအထန် ချို့တဲ့သွားပြီး အာရုံကြောများ စာရင်းမဝင်တော့ဘဲ ရာသက်ပန် အာရုံကြော ပျက်စီးခြင်း နှင့် ကြွက်သားအားနည်းခြင်း တို့ ဖြစ်ပွားနိုင်သည်။
လက်ရှိတွင် တရားခံအားလုံးအား ၁၉၆၇ ဆေးဝါးဥပဒေအရ လိုင်စင်မရှိဘဲ မမှတ်ပုံတင်ထားသော ဆေးဝါးများ ထုတ်လုပ်ရောင်းချမှု၊ စက်ရုံဆိုင်ရာ ဥပဒေနှင့် နိုင်ငံခြားစီးပွားရေး လုပ်ငန်းများဆိုင်ရာ ဥပဒေများဖြင့် စွဲဆိုထားပြီး ကွင်းဆက်များကို ဆက်လက် စုံစမ်းလျက်ရှိသည်။
Source;The Nation
