ထိုင်းနိုင်ငံ အာမခံနှင့် လဲလှယ်ရေးကော်မရှင် (SEC) သည် နိုင်ငံ၏ အရင်းအနှီးဈေးကွက်ကို ခေတ်မီစေရန်နှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် ကန့်သတ်ချက်များအောက်တွင် စနစ်တကျလည်ပတ်မည့် ခရစ်ပတို အိတ်ချိန်းရောင်းဝယ်ရေးရန်ပုံငွေ (Crypto ETFs) နှင့် ခရစ်ပတို အနာဂတ်စာချုပ် (Crypto Futures) များကို ၂၀၂၆ ခုနှစ်၊ တတိယသုံးလပတ် (ဇူလိုင်-စက်တင်ဘာ) အတွင်း စတင်မိတ်ဆက်ရန် လျာထားကြောင်း သိရပါတယ်။
ထိုင်း SEC အထွေထွေအတွင်းရေးမှူးချုပ် မစ္စ ပုရနွန် ဘွတ်ဆရာထရာဂွန် (Pornanong Budsaratragoon) က လက်ရှိတွင် စည်းမျဉ်းစည်းကမ်းဘောင်အတွင်းမှ ရင်းနှီးမြှုပ်နှံသူများ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို ပိုမိုလက်လှမ်းမီနိုင်စေရန် ထိုင်းအနာဂတ်လဲလှယ်ရေးဈေးကွက် (TFEX) နှင့် ပူးပေါင်းကာ အသေးစိတ်အချက်အလက်များကို အပြီးသတ်ညှိနှိုင်းနေကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ အရင်းအနှီးဈေးကွက် ပိုမိုအားကောင်းလာစေရန်အတွက် SEC က အောက်ပါ အဓိကကဏ္ဍ ၃ ခုကို ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေပါတယ်။
ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) ဖွင့်လှစ်ရန်နှင့် ဆိုက်ဘာလုံခြုံရေးအတွက် စိုးရိမ်ပြီး ခရစ်ပတိုကို တိုက်ရိုက်မကိုင်တွယ်လိုသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေကြောင်းအရ အကာအကွယ်ရှိသော ETF များမှတစ်ဆင့် လုံခြုံစွာ ရင်းနှီးမြှုပ်နှံခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် Futures စာချုပ်များသည် ရင်းနှီးမြှုပ်နှံသူများအတွက် အရှုံးအမြတ်ကို ကြိုတင်စီမံခန့်ခွဲနိုင်သည့် Hedging ဗျူဟာများအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
လတ်တလော ထိုင်းရှယ်ယာဈေးကွက်အတွင်း အများပြည်သူသို့ ပထမဆုံးအကြိမ် ရှယ်ယာထုတ်ရောင်းခြင်း (IPO) လှုပ်ရှားမှုများ ကျဆင်းလာမှုကို ကုစားရန်အတွက် SEC နှင့် ထိုင်းစတော့အိတ်ချိန်း (SET) တို့ ပူးပေါင်းကာ လိုအပ်ချက်များကို ပြန်လည်သုံးသပ်နေသည်။ အရည်အသွေးစံနှုန်းကို ထိန်းသိမ်းရင်း အရင်ကထက် ပိုမိုမြန်ဆန်ချောမွေ့သော IPO လုပ်ငန်းစဉ်သစ်များကို လာမည့် ဇူလိုင်လ တွင် အပြီးသတ်ချပြရန် မျှော်မှန်းထားသည်။
အရင်းအနှီးဈေးကွက်အတွင်းသို့ ပြည်တွင်းရေရှည်ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် Thailand Individual Savings Account (TISA) အစီအစဉ်ကို ဖော်ဆောင်နေသည်။ စတော့ဈေးကွက်ထဲ တစ်ခါမှ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖူးသူများ ကျွမ်းကျင်သည့် ရန်ပုံငွေမန်နေဂျာများမှတစ်ဆင့် ဈေးကွက်ထဲဝင်ရောက်နိုင်ရန် ရည်ရွယ်ပြီး၊ လက်ရှိတွင် ဘတ် ၈၀၀,၀၀၀ အထိ အခွန်နုတ်ပယ်ခွင့် (Tax Deduction Ceiling) ပေးနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်။
Source;Bangkok Post
