သုဝဏ္ဏဘူမိလေဆိပ်တွင် ဘတ် ၂.၁၃ သန်းတန် ဆီးချိုနှင့် ဝိတ်ချဆေးထိုးအပ်များ မှောင်ခိုသယ်လာသူတစ်ဦး ဖမ်းဆီးရမိ

ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် အကောက်ခွန်လုပ်ထုံးလုပ်နည်းများအတိုင်း ကြေညာခြင်းမရှိဘဲ တရားမဝင် သယ်ဆောင်လာသည့် ဆီးချိုနှင့် ဝိတ်ချဆေးအမျိုးအစားဖြစ်သော Tirzepatide ဆေးထိုးအပ်ပေါင်း ၁၃၇ ခု (တန်ဖိုး ဘတ် ၂.၁၃ သန်းကျော်) ကို ဘင်္ဂလားဒေ့ရှ်မှ လာသည့် တရုတ်နိုင်ငံသား ခရီးသည်တစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

၎င်းအား အကောက်ခွန်အက်ဥပဒေ (၂၀၁၇) နှင့် ဆေးဝါးအက်ဥပဒေ (၁၁၆၇) တို့ဖြင့် တရားစွဲဆိုထားသည်။

Tirzepatide သည် အမျိုးအစား (၂) ဆီးချိုရောဂါကုသရန်နှင့် အစားအသောက်စားချင်စိတ်ကို ထိန်းညှိပေးသဖြင့် လက်ရှိတွင် ဝိတ်ချရန်အတွက် အလွန်ခေတ်စားနေသည့် ဆေးထိုးအပ်ဖြစ်သည်

အဆိုပါဆေးများ ဖမ်းဆီးရမိမှုနှင့်အတူ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာ့ဆီးချိုရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းပြည်သူလူထု၏ ၁၀ ရာခိုင်နှုန်း (၆.၅ သန်းခန့်) သည် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဆီးချိုရောဂါရှိနေသူများ၏ ၄၀ ရာခိုင်နှုန်းခန့်သည် မိမိတို့တွင် ရောဂါရှိနေသည်ကို ကိုယ်တိုင်မသိရှိကြပေ။ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အချို၊ အငန်၊ အဆီများသော အစားအစာများကို လျှော့ချရန်၊ နေ့စဉ်စားသုံးသည့် အစားအစာများတွင် ကာဗိုဟိုက်ဒရိတ် (Carbohydrates) ပါဝင်မှုကို စနစ်တကျ တွက်ချက်စားသုံးရန်နှင့် တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

Source;Thaiger