ထိုင်းဝန်ကြီးချုပ် အနုတင်က ဗီယက်နမ်သမ္မတ တိုလမ်၏ တရားဝင်ခရီးစဉ်ကို အစိုးရအိမ်တော်၌ ကြိုဆို

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် (Anutin Charnvirakul) သည် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာသည့် ဗီယက်နမ်သမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ် (To Lam)၊ ၎င်း၏ဇနီးဖြစ်သူ ငိုဖူအန်လီ (Ngo Phuong Ly) တို့ကို ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော် (Government House) ၌ တရားဝင် ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သမ္မတ တိုလမ်အတွက် ရာထူးတက်လာပြီးနောက် အာဆီယံနိုင်ငံများထဲတွင် ထိုင်းနိုင်ငံသည် ပထမဆုံး လာရောက်သည့် နိုင်ငံဖြစ်သည်။

နံနက် ၉:၃၀ နာရီတွင် ထိုင်းခူဖာ (Thai Khu Fah) အဆောက်အအုံရှေ့ မြက်ခင်းပြင်တွင် ဝန်ကြီးချုပ် အနုတင်က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် စစ်ရေးပြဂုဏ်ပြုတပ်ဖွဲ့ကို အတူတကွ စစ်ဆေးခဲ့ကြသည်။ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ကတိပြုခဲ့ကြသည်။ ထို့နောက် အာဆီယံဒေသတွင်း စီးပွားရေးကြီးထွားမှုနှင့် တည်ငြိမ်မှုအတွက် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ဆက်လက်ဆောင်ရွက်ရန် တိုးချဲ့အစည်းအဝေး ပြုလုပ်ခဲ့သည်။

နံနက် ၁၁:၁၅ နာရီတွင် ဝန်ကြီးချုပ်နှင့် သမ္မတတို့သည် နှစ်နိုင်ငံအကြား လုပ်ငန်းစီမံချက်များနှင့် နားလည်မှုစာချွန်လွှာ (MoU) များ လဲလှယ်ခြင်းကို သက်သေအဖြစ် ပါဝင်ခဲ့ကြသည်။ထိုင်း-ဗီယက်နမ် သံတမန်ဆက်ဆံရေး အနှစ် ၅၀ ပြည့် အထိမ်းအမှတ် အထူးလိုဂို (Logo) ကို အတူတကွ ဖွင့်လှစ်ပေးခဲ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ညနေ ၇:၀၀ နာရီတွင် ထိုင်းဝန်ကြီးချုပ်နှင့် ဇနီးဖြစ်သူတို့က ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့အတွက် ဂုဏ်ပြုညစာစားပွဲ (Official Dinner) တစ်ရပ်ကို အစိုးရအိမ်တော်၌ တည်ခင်းဧည့်ခံသွားမည် ဖြစ်သည်။

Source;ThaiPBSWorld