ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် (Chon Buri)၊ သီရာချာမြို့နယ် (Sri Racha) တွင် သီရာချာ-ဘန်ကောက် လမ်းကြောင်းပြေးဆွဲနေသည့် အသက် ၅၇ နှစ်အရွယ် အများပြည်သူသုံး ခရီးသည်တင် ဘတ်စ်ကားဒရိုင်ဘာတစ်ဦးသည် မေလ ၂၉ ရက် (မနေ့က) မွန်းလွဲ ၁:၃၀ နာရီအချိန်တွင် မူးယစ်ဆေးဝါး စစ်ဆေးမှုကို ရှောင်လွှဲရန် “ဆီးအတု” ဖြင့် လိမ်လည်ရန် ကြိုးပမ်းမှု၊ သက်သေကို မြိုချဖျက်ဆီးရန် ကြိုးပမ်းမှုတို့ဖြင့် ဆေးပြားများနှင့်အတူ ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်မောင်းများအကြား မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေး ပူးပေါင်းစစ်ဆေးမှုတွင် ယာဉ်မောင်း ၂၀ ခန့်ကို စစ်ဆေးစဉ် အဆိုပါဒရိုင်ဘာ သီရိစစ် (Srisit Horai Khuntod) ၏ ပျာပျာသလဲဖြစ်နေသော အမူအရာကြောင့် ရဲတပ်ဖွဲ့က စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။
ဆီးစစ်ရန် တောင်းဆိုရာတွင် ဆီးမသွားဟု အကြောင်းပြခဲ့ပြီး၊ နောက်ပိုင်းတွင် ၎င်း၏ခါးပုံစ၌ ဝှက်ထားသော မျက်စဉ်းခတ်ဆေးပုလင်းငယ်အတွင်းမှ အဝါရောင်အရည်များကို တွေ့ရှိခဲ့သည်။ ၎င်းအရည်မှာ ဆီးအတုအဖြစ် အသုံးပြုရန် အချိုရည်အမည်းနှင့် ရေကို ရောစပ်ထားခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့သည်။
ရဲတပ်ဖွဲ့က ပုလင်းကို သိမ်းဆည်းရန် လုပ်ဆောင်စဉ် ၎င်းဒရိုင်ဘာသည် ပုလင်းကို ကန်ထုတ်ခြင်းနှင့် အရည်များကို အတင်းကောက်ယူကာ မြိုချဖျက်ဆီးရန် ကြိုးပမ်းခဲ့သော်လည်း ရဲတပ်ဖွဲ့က အချိန်မီ လုယူတားဆီးနိုင်ခဲ့သည်။
၎င်း၏အစစ်အမှန် ဆီးကို စစ်ဆေးရာတွင် စိတ်ကြွဆေး (Methamphetamine) သုံးစွဲထားကြောင်း အဖြေထွက်ခဲ့သည့်အပြင်၊ ၎င်းမောင်းနှင်သည့် ဘတ်စ်ကားအတွင်း ရှာဖွေရာ ယာဉ်မောင်းထိုင်ခုံအနီးတွင် မူးယစ်ဆေးသုံးစွဲသည့် ကိရိယာများနှင့် စိတ်ကြွရူးသွပ်ဆေးပြား (၁) ဂရမ်ခန့် ကို ကပ်လျက်တွေ့ရှိသဖြင့် သက်သေနှင့်အတူ ဖမ်းဆီးခဲ့သည်။
၎င်းအား အမျိုးအစား (၁) စိတ်ကြွမူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ သုံးစွဲမှုတို့ဖြင့် အမှုဖွင့် အရေးယူထားပြီး၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနက ၎င်း၏ အများပြည်သူသုံး ယာဉ်မောင်းလိုင်စင်ကို သိမ်းဆည်းရုပ်သိမ်း (Revoke) သွားမည်ဖြစ်ကာ ဘတ်စ်ကားကုမ္ပဏီကလည်း ၎င်းအား အလုပ်မှ ချက်ချင်းထုတ်ပယ် (Terminated) လိုက်ပြီ ဖြစ်သည်။
ယခု စစ်ဆေးမှုကို ချွန်ပူရီခရိုင်အုပ်ချုပ်ရေးမှူးနှင့် သီရာချာမြို့နယ်အုပ်ချုပ်ရေးမှူးတို့က လမ်းမပေါ်တွင် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
Source;Thaiger
