ဆောက်လုပ်ရေးအလုပ်သမား ငှားရမ်းသည့်ကိစ္စအပေါ် သဘောထားကွဲလွဲရာမှ ဦးလေးနှင့် တူဖြစ်သူ ဓားခုတ်ပွဲဖြစ်ပွား

ထိုင်းနိုင်ငံ၊ ပတ္တရား (Pattaya)၊ နောင်ပရူးဒေသ (Nong Prue) တွင် အိမ်ပြင်ဆင်ရန် ဆောက်လုပ်ရေးအလုပ်သမား (Handyman) ငှားရမ်းသည့်ကိစ္စနှင့် ပတ်သက်၍ မိသားစုအတွင်း သဘောထားကွဲလွဲရာမှ ဦးလေးနှင့် တူဖြစ်သူတို့ အချင်းချင်း ဓားဖြင့်အပြန်အလှန် ခုတ်ကြသည့် ဖြစ်စဉ်တစ်ခု မေလ ၂၉ ရက် (သောကြာနေ့) ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ပတ္တရားအခြေစိုက် စာဝမ်ဘိုရီဘွန်း ကယ်ဆယ်ရေးအဖွဲ့ (Sawang Boriboon) သည် ညနေ ၅ နာရီခန့်တွင် ဓားခုတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အခင်းဖြစ်ပွားရာ နောင်ပရူးရှိ နေအိမ်သို့ သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာတွင် အသက် ၃၆ နှစ်အရွယ် တူဖြစ်သူ အနုစွန် (Anusorn Thongchai) တွင် လက်ဝဲဘက်လက်သန်း ပြတ်လုနီးပါး ပြင်းထန်သော ဓားခုတ်ဒဏ်ရာ ရရှိထားသဖြင့် ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးသူနာပြုစုပေးပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ဦးလေးဖြစ်သူ အသက် ၄၄ နှစ်အရွယ် အိုပတ်စ် (Opas) တွင်လည်း လက်ဝဲဘက်လက်ဖဝါး၌ ဓားဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူခဲ့ရသည်။

လက်ရှိတွင် နောင်ပရူးရဲတပ်ဖွဲ့သည် နေအိမ်အတွင်း တပ်ဆင်ထားသည့် CCTV မှတ်တမ်းများကို ရယူစစ်ဆေးနေပြီး၊ ၎င်းဗီဒီယိုဖိုင်တွင် တစ်ဦးနှင့်တစ်ဦး ဓားဆွဲကာ ရန်ဖြစ်ခဲ့ကြသည့် ဖြစ်စဉ်တစ်ခုလုံးကို အမိအရရိုက်ကူးမိထားသဖြင့် သက်သေအထောက်အထားများ စုဆောင်းကာ ထိုင်းဥပဒေအရ အမှုဖွင့်အရေးယူရန် ပြင်ဆင်နေသည်။

ထိုနေ့ အရုဏ်မတက်မီအချိန်က ပတ္တရားတောင်ပိုင်း၊ ဘာလီဟိုင်းဆိပ်ခံတံတား (Bali Hai Pier) အနီးတွင်လည်း ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများအကြား အုပ်စုဖွဲ့ရန်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုရန်ပွဲအတွင်း ကားတစ်စီးက နောက်ဆုတ်မောင်းနှင်ရာမှ အမျိုးသမီးတစ်ဦးကို ကြိတ်မိခဲ့သဖြင့် ၎င်းအမျိုးသမီးမှာ တင်ပဆုံရိုးကျိုးသွားခဲ့သည်။ မျက်မြင်သက်သေဖြစ်သူ အသက် ၂၃ နှစ်အရွယ် ဝါရာယွတ်က ရန်ပွဲကို ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့ပြီး ကားအောက်ညှပ်နေသည့် အမျိုးသမီးကို ဝိုင်းဝန်းမတင်ပေးခဲ့သည်။ ကားမောင်းသူမှာ ၎င်းအမျိုးသမီး၏ နိုင်ငံခြားသားရည်းစားဖြစ်ပြီး ၎င်းကိုယ်တိုင်ပင် ဘန်ကောက်-ပတ္တရားဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားသော်လည်း တရားဝင်တိုင်ချက်ဖွင့်ထားခြင်း မရှိသေးကြောင်း သိရသည်။

Source;Thaiger