ထိုင်းနိုင်ငံ၊ ခေါ့စမူကျွန်းတွင် တက္ကစီသမား အသတ်ခံရမှုဖြင့် သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီး၊ မာဖီယားဂိုဏ်းဝင်များ မဟုတ်ကြောင်း ငြင်းဆို

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ထာနီခရိုင် (Surat Thani)၊ ကမ္ဘာလှည့်ခရီးသွားများပြားရာ ခေါ့စမူကျွန်းတွင် တက္ကစီဒရိုင်ဘာတစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့မှုနှင့် ပတ်သက်၍ နောက်ဆုံးကျန်ရှိနေသည့် သံသယရှိသူသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက် တွင် ရဲတပ်ဖွဲ့ထံ လာရောက်အလင်းဝင်ခဲ့သဖြင့် ယခုအခါ ပြစ်မှုကျူးလွန်သူ ၁၂ ဦးစလုံးကို ဖမ်းဆီးအရေးယူထားပြီ ဖြစ်ပါတယ်။

လွန်ခဲ့သည့် မေလ ၂၄ ရက်က အသက် ၃၁ နှစ်အရွယ် တက္ကစီဒရိုင်ဘာ Sikarin Promcharoen သည် ဟိုတယ်တစ်ခုသို့ ခရီးသည်ပို့ဆောင်ပြီးအထွက်တွင် လူတစ်စု၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရပြီးနောက် ရင်ဘတ်ကို သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်။ ၎င်း၏ကားမှာ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်လျက်သားဖြင့် ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မော်တော်ယာဉ် Dashcam ဗီဒီယိုမှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ Bor Phud ရဲစခန်းက ကနဦးတွင် သံသယရှိသူ ၁ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းမှတစ်ဆင့် ကွင်းဆက်လိုက်ကာ ကျန်ရှိသူများအတွက် ဝရမ်းထုတ်ခဲ့ရာမှ တရားခံ ၁၂ ဦးစလုံးကို အမိအရ ဖမ်းဆီးနိုင်ခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်သူ Pakasit နှင့် ၎င်း၏သူငယ်ချင်း Sin တို့၏ ထွက်ဆိုချက်အရ သေဆုံးသူ တက္ကစီသမားနှင့် Sin တို့သည် ကားပါကင်နေရာ ကိစ္စဖြင့် ယခင်ကတည်းက ခဏခဏ စကားများရန်ဖြစ်ဖူးကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့တွင် သွားရောက်ဆွေးနွေးစဉ် သေဆုံးသူက ၎င်းတို့အား ဓားဖြင့် စတင်ထိုးခဲ့သဖြင့် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

ဤဖြစ်စဉ်ကြောင့် ကိုစမွေကျွန်းတွင် လွတ်လပ်စွာ မောင်းနှင်နေသည့် တက္ကစီများကို ဂိတ်ပိုင်ရှင် မာဖီယားဂိုဏ်းများက လွှမ်းမိုးချုပ်ကိုင်ပြီး ရန်ပြုနေခြင်းဖြစ်သည်ဟု လူထုကြားတွင် ဝေဖန်မှု အပြင်းအထန် ထွက်ပေါ်ခဲ့သည်။

သို့သော်လည်း အဓိကတရားခံနှစ်ဦးဖြစ်သည့် Pakasit နှင့် Sin တို့က ၎င်းတို့သည် တက္ကစီမာဖီယားဂိုဏ်းဝင်များ မဟုတ်ကြဘဲ ပုဂ္ဂိုလ်ရေးအရ ကားပါကင်အငြင်းပွားမှုသာ ဖြစ်ကြောင်း ငြင်းဆိုထားကြသည်။ ထို့အပြင် ဤဖြစ်စဉ်ကြောင့် ကိုစမွေကျွန်း၏ ခရီးသွားလုပ်ငန်း ပုံရိပ်ကို ထိခိုက်စေခဲ့သည့်အတွက် ဒေသခံပြည်သူများကိုလည်း တရားဝင် တောင်းပန်စကား ပြောကြားခဲ့သည်။

Source;Thaiger