ဂျပန်နိုင်ငံ၊ နာရာပန်းခြံ (Nara Park) အတွင်း ယာဉ်တိုက်မှုကြောင့် ရှေ့ခြေထောက်တစ်ဖက် ကျိုးပြီး နာကျင်နေသည့် သမင်လေးကို မြန်မာအမျိုးသမီးတစ်ဦးက ဓာတ်ပုံရိုက်ရန်အတွက် အတင်းအဓမ္မ လိုက်ဖမ်းကာ ကျောပေါ်တက်ထိုင်ရန် ကြိုးပမ်းခဲ့သည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့ရာ၊ နိုင်ငံတကာ သတင်းဌာနများနှင့် အင်တာနက်အသုံးပြုသူများအကြား နိုင်ငံအမည်တပ်၍ ပြင်းထန်စွာ ဝိုင်းဝန်းရှုတ်ချ ဆဲဆိုခြင်း ခံနေရပါတယ်။
အမျိုးသမီးဖြစ်သူသည် နာကျင်၍ ထွက်ပြေးနေရှာသည့် သမင်နောက်သို့ အတင်းလိုက်ကာ ကျောပေါ်တက်စီးရန် ကြိုးပမ်းခဲ့ပြီး အတူပါလာသည့် အမျိုးသားက ဗီဒီယိုရိုက်ကူးပေးခဲ့သည်။
နာရာမြို့ သမင်စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းများ၏ အဆိုအရ အဆိုပါသမင်လေးမှာ မော်တော်ယာဉ်တိုက်မိထားသဖြင့် ရှေ့ခြေတစ်ဖက် ကျိုးနေရှာသည့် သမင်လေးဖြစ်ပြီး၊ ဤလုပ်ရပ်မှာ လုံးဝခွင့်မလွှတ်နိုင်စရာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု (Animal Cruelty) ဖြစ်ကြောင်း ပြစ်တင်ခဲ့ကြသည်။
ဗီဒီယိုထဲက အမျိုးသမီးမှာ မြန်မာနိုင်ငံသူဖြစ်ကြောင်း အင်တာနက်အသုံးပြုသူများက ဖော်ထုတ်နိုင်ခဲ့ပြီးနောက် X (Twitter) နှင့် Instagram တို့တွင် “Myanmar” ဟု နာမည်တပ်ကာ ကမ္ဘာတစ်ဝန်းက ဝိုင်းဝန်းကန့်ကွက်နေကြပြီး၊ ကြည့်ရှုသူ ၆ သိန်းကျော်အထိ ရှိလာကာ တိရစ္ဆာန်ညှင်းပန်းမှုဖြင့် အရေးယူရန်အထိ တောင်းဆိုနေကြသည်။
Source;MPA
