ဖူးခက်လေဆိပ်တွင် အတွင်းခံဘောင်းဘီထဲ ကတ်တမင်း ဝှက်ယူလာ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ် (Phuket International Airport) ၌ ပြည်ပသို့ ထွက်ခွာမည့် ဆော်ဒီအာရေးဗီးယားနိုင်ငံသားတစ်ဦးကို ၎င်း၏အတွင်းခံဘောင်းဘီအတွင်း ကတ်တမင်းဆေးတောင့်များ ဝှက်ထည့်ကာ မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းမှုဖြင့် အကောက်ခွန်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ည ၂၀:၀၀ နာရီခန့်တွင် ဖူးခက်လေဆိပ် နိုင်ငံတကာထွက်ခွာမည့် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခြင်းဖြစ်သည်။အသက် ၂၈ နှစ်အရွယ် ဆော်ဒီနိုင်ငံသားတစ်ဦးဖြစ်ပြီး၊ ၎င်း၏အတွင်းခံဘောင်းဘီထဲရှိ အဖြူရောင်ပိတ်စအိတ်ငယ်တစ်ခုအတွင်း ဝှက်လာသည့် အနီနှင့်အဖြူရောင် ဆေးတောင့် ၆၃ တောင့် (စုစုပေါင်းအလေးချိန် ၃၂ ဂရမ်ခန့်) ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းအပြင် အိုင်ဖုန်း (iPhone) ၂ လုံးကိုပါ သိမ်းဆည်းခဲ့သည်။

တရားခံသည် Etihad Airways လေကြောင်းလိုင်းဖြင့် ထွက်ခွာရန် အထုပ်အပိုးများအပ်နှံပြီး နိုင်ငံကူးလက်မှတ်စစ်ဆေးရေး (Immigration) အောင်မြင်ခဲ့သော်လည်း၊ လေဆိပ်ပတ်စ်ပို့စစ်ဆေးပြီးနောက် လူခန္ဓာကိုယ်စကင်နာ (Body Scanner) ဖြတ်သန်းစဉ် ပုံမှန်မဟုတ်သောအရာကို စက်ကထောက်လှမ်းမိသဖြင့် သေချာစွာရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆေးတောင့်များအတွင်းရှိ အမှုန့်များကို ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ၏ ကတ်တမင်းစစ်ဆေးသည့်ဓါတုရည်ဖြင့် ကနဦးစမ်းသပ်ရာ ခရမ်းရောင်ဖျော့ဖျော့ပြောင်းလဲသွားသဖြင့် ထိုင်းဥပဒေအရ အဆင့် ၂ ရှိ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါး (Category 2 Narcotic) ဖြစ်သည့် ကတ်တမင်း (Ketamine) ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

လက်ရှိတွင် တရားခံအား ခွင့်ပြုချက်မရှိဘဲ အဆင့် ၂ မူးယစ်ဆေးဝါးကို ပြည်ပသို့တင်ပို့ရန် ကြိုးပမ်းမှု၊ တရားမဝင်လက်ဝယ်ထားရှိမှုအပြင် ၂၀၁၇ အကောက်ခွန်ဥပဒေချိုးဖောက်မှုများဖြင့် ဆာကူး (Sakhu) ရဲစခန်း၌ တရားစွဲဆိုထားပြီး၊ နိုင်ငံတကာမူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများနှင့် ဆက်စပ်မှု ရှိ၊ မရှိ ဆက်လက်စုံစမ်းနေသည်။

Source;Khaosod