ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်းပန်းခရိုင် (Lampang) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ မြန်မာအလုပ်သမား ၅ ဦးသည် တောတွင်းမှ ကောက်လာသည့် အဆိပ်မှိုများကို ဟင်းချက်စားမိရာမှ ပြင်းထန်စွာ အဆိပ်သင့်ပြီးနောက်၊ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကာ ကျန် ၄ ဦးမှာ ဆေးရုံတွင် အရေးပေါ် ကုသမှုခံယူနေရပါတယ်။
ကွယ်လွန်သူ ကိုမောင်ဖြူနှင့် အဖွဲ့သည် မေလ ၃၀ ရက်ညနေက ရွာနောက်ဖေးမှ ကောက်လာသည့် မှိုများကို ရှမ်းဘာသာဖြင့် “ဒေါင်းမှို” (ဓာတ်ပုံအရ White Rangak အဖြူရောင် အဆိပ်မှိုဟု ယူဆရ) ဟု ထင်မှတ်ကာ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူတို့ဖြင့် ချက်ပြုတ်စားသောက်ခဲ့ကြသည်။
မေလ ၃၁ ရက် မနက်အစောပိုင်းမှစ၍ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်းနှင့် ရင်ကြပ်ခြင်း စသည့် ပြင်းထန်သော အဆိပ်သင့်လက္ခဏာများ စတင်ပြသခဲ့သဖြင့် ငေါင် (Ngao) ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ အခြေအနေ မသက်သာသဖြင့် ဇွန်လ ၃ ရက်တွင် လန်းပန်းဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ရသည်။
လက်ရှိအခြေအနေ (ဇွန်လ ၅ ရက် ၂၀၂၆):
ကိုမောင်ဖြူ (၂၈ နှစ်): အဆိပ်သင့်မှု ပြင်းထန်ပြီး ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။
မဆွဲလာ (၃၀ နှစ် – ကွယ်လွန်သူ၏ဇနီး): အခြေအနေ အားနည်းနေဆဲဖြစ်ပြီး အသက်ရှူရခက်ခဲသဖြင့် ဆရာဝန်များက အောက်ဆီဂျင် ပေးထားရသည်။
မဂျင်း (၄၆ နှစ်): အဆိပ်ကြောင့် အသည်းရောင်ရမ်းခြင်း (Hepatitis) ခံစားခဲ့ရသော်လည်း ကုသမှုအပြီး တဖြည်းဖြည်း ပြန်လည်သက်သာလာသည်။
ကိုတော (၃၂ နှစ်) နှင့် ကိုဂျိုင်းဂျင်းပု (၅၀ နှစ်): အခြေအနေ အတော်လေး ပြန်လည်ကောင်းမွန်လာပြီး နုန်းခွေခြင်းသာ ရှိတော့သည်။
Source;Thairath
