ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဥဒုံထာနီခရိုင် (Udon Thani)၊ နောင်ဟန်မြို့နယ်ရှိ မီးပွိုင့်လမ်းဆုံတစ်ခုတွင် မီးနီမိ၍ ရပ်တန့်နေသော ကားများကို အနောက်မှ ပစ်ကပ်ဗင် ကားတစ်စီးက အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့သဖြင့် လူပေါင်း ၁၀ ဦးထက်မက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ယာဉ်တိုက်မှုတစ်ခု ဇွန်လ ၅ ရက် (သောကြာနေ့) မနက်အစောပိုင်းက ဖြစ်ပွားခဲ့ပါတယ်ဗျာ။
ဇွန်လ ၅ ရက် မနက် ၀၂:၄၇ နာရီခန့်တွင် Mittraphap လမ်း (ဥဒွန်းထာနီ–စကွန်နခွန် လမ်းကြောင်း) ပေါ်ရှိ နောင်ဟန်အရှေ့ဘက် မီးပွိုင့်လမ်းဆုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။စမုတ်ပရာကန်မှ ခရီးသည် ၁၂ ဦး တင်ဆောင်လာပြီး ဘိုင့်ကန် (Bueng Kan) ပြည်နယ်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ဗင်ကားတစ်စီးသည် BMW ဆဒန်ကားတစ်စီး၏ အနောက်တွင် မီးနီမိ၍ ခဏရပ်နေခဲ့သည်။ ထိုစဉ် အနောက်မှ ကြက်မောက်သီးများ တင်ဆောင်လာသည့် ပစ်ကပ်ဗင် ကားတစ်စီးက အရှိန်မထိန်းဘဲ ဗင်ကားနောက်မြီးကို ပြင်းထန်စွာ ဝင်တိုက်ခဲ့သဖြင့် ဗင်ကားမှာ တိမ်းမှောက်သွားပြီး ခရီးသည်များ တစ်ဦးပေါ်တစ်ဦး စုပုံကာ ဒဏ်ရာရရှိခဲ့ကြသည်။
ဒေသခံကယ်ဆယ်ရေးအဖွဲ့ပေါင်းစုံမှ ဟိုက်ဒရိုးလစ် ညှပ်ဖြတ်စက်များနှင့် မီးထွန်းစက်များ အသုံးပြုကာ အရေးပေါ် ကယ်ဆယ်ခဲ့ကြသည်။ အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့သည့် အသက် ၂၀ အရွယ် ပစ်ကပ်ဗင်ဒရိုင်ဘာ ကိုသနဝင်းမှာ ကားခေါင်းခန်းအတွင်း ညှပ်နေခဲ့သဖြင့် ကယ်ဆယ်ရေးသမားများက မိနစ် ၃၀ ခန့် အချိန်ယူ ဖြတ်တောက်ကာ ထုတ်ယူခဲ့ရသည်။
ပစ်ကပ်ဒရိုင်ဘာအပြင် ဗင်ကားပေါ်ပါ ခရီးသည် ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အခြားခရီးသည်များလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် အားလုံးကို နောင်ဟန်ဆေးရုံသို့ ပို့ဆောင်ထားရသည်။ ရှေ့ဆုံးက မီးပွိုင့်မိနေသည့် BMW ကားမောင်းသူ ဇနီးမောင်နှံနှစ်ဦးမှာမူ ဒဏ်ရာရရှိခြင်း မရှိဘဲ ဘေးကင်းခဲ့သည်။
လက်ရှိတွင် နောင်ဟန်ရဲစခန်းမှ မှုခင်းစုံစမ်းစစ်ဆေးရေးအရာရှိများက ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာကို စစ်ဆေးထားပြီး၊ ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် အသက် ၂၀ အရွယ် ပစ်ကပ်ဗင်ဒရိုင်ဘာအား သတိပြန်ရလာပါက ယာဉ်မဆင်မခြင်မောင်းနှင်မှု ရှိ၊ မရှိ ထွက်ဆိုချက်ယူကာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးနေသည်။
Source;Khaosod
